International News

ကြားဖြတ်အယူခံခုံသမာဓိအစီအစဉ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို အီးယူမှ တင်သွင်းခဲ့ခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအား ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ခြင်း

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization-WTO) ၏ အယူခံအဖွဲ့အကျပ်အတည်းအား ယာယီဖြေရှင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် နိုင်ငံအများအပြား ပါဝင်သော ကြားဖြတ်အယူခံခုံသမာဓိအစီအစဉ် (Multi-party Interim Appeal Arbitration Arrangement-MPIA) ၏ ခုံသမာဓိဝင် (၁၀) ဦးနေရာအတွက် အီးယူမှ ယင်း၏ ကိုယ်စားလှယ်လောင်းအဖြစ် ပါမောက္ခ Joost H.B. Pauwelyn အမည်စာရင်းအား တင်သွင်းခဲ့ကြောင်း၊ ခုံသမာဓိဝင်များကို MPIA အဖွဲ့ဝင်များအကြား ရာနှုန်းပြည့်တူညီဆန္ဒဖြင့် အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ခုံသမာဓိဝင် (၁၀) ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် ဖွဲ့စည်းသွားနိုင်ရန်နှင့် MPIA အဖွဲ့ဝင်နိုင်ငံများ အကြားအယူခံမှုကိစ္စရပ်များ ဆောင်ရွက်ရန်လိုအပ်ပါက ၎င်းတို့အနေဖြင့် ကိုင်တွယ်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အီးယူ၏ ကုန်သွယ်ရေး ကော်မရှင်နာဖြစ်သူ Phil Hogan အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံပေါင်း (၁၀၀) ကျော်ရှိ ကုန်သွယ်ရေးဝန်ကြီးများထံသို့ စာရေးသားပေးပို့၍ MPIA တွင် ပါဝင် ရန်ဖိတ်ခေါ်ခဲ့ကြောင်းသိရှိရပါသည်။

MPIA အစီအစဉ်ဖြင့် အယူခံမှုများဆောင်ရွက်ရန် ခုံသမာဓိဝင်များဖွဲ့စည်းနိုင်ရေးအတွက် အီးယူ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို တင်သွင်းခဲ့ကြောင်း၊ ယင်းမှာ ခုံသမာဓိစနစ် အမြန်ဆုံးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်တွင်ပါဝင်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများသည် အယူခံလုပ်ငန်းစဉ်ဖြင့် အမှီအခိုကင်းသောအငြင်းပွားမှုဖြေရှင်းရေးစနစ်ကို အကာအကွယ်ပေးရေး အခိုင်အမာဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေမှုကို ပြသ ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏အခွင့်အရေးများကို ကာကွယ်ရန်အတွက်သာမက စီးပွားရေးပြန်လည်နိုးထမှုလုပ်ငန်းစဉ်တွင် အရေးပါသည့် စည်းမျဉ်း အခြေခံနိုင်ငံစုံအငြင်းပွားမှုဖြေရှင်းရေးစနစ်ကို ထောက်ခံရန်အတွက် အဆိုပါယာယီအစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအား မိမိအနေ ဖြင့်တိုက်တွန်းခြင်းဖြစ်သည်ဟု  အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

MPIA ကို အီးယူနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် (၁၈) နိုင်ငံတို့က WTO သို့ အသိပေးအကြောင်းကြားခဲ့သည့် ၃၀-၄-၂၀၂၀ နေ့တွင် စတင် အသက်ဝင်ခဲ့ကြောင်း၊ ယင်းအစီအစဉ်တွင် ပါဝင်သည့် WTO အဖွဲ့ဝင်နိုင်ငံများအကြား MPIA ဖြင့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ MPIA အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပုံမှန်အယူခံအဖွဲ့လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ချိန်အထိ  အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲ ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်ရှိအယူခံအဖွဲ့အကျပ်အတည်းအား ဖြေရှင်းနိုင်ရေးသည် အီးယူ၏ အဓိကဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အများပြည်သူကျန်းမာရေးဆိုင်ရာအခြေအနေများကြောင့် ကောင်းမွန်စွာလည်ပတ်သည့် နိုင်ငံစုံပါဝင်သောစည်းမျဉ်းအခြေခံကမ္ဘာ့ကုန်သွယ်မှုစနစ်အား လိုအပ်နေသည့် အချိန်တွင် ယင်းအချက်မှာ ပို၍ပင်အရေးပါလာကြောင်း၊  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အယူခံအဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ဆောင်ရွက်ရန်လိုအပ်နေသည့် WTO ဆိုင်ရာအခြားကိစ္စရပ်များအပေါ် အတူတကွလက်တွဲဆောင်ရွက်ရန် အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan က အမေရိကန် ပြည်ထောင်စု၊ ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer ထံသို့ စာရေးသားပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (https://trade.ec.europa.eu)

Category: International News