International News

ဂျပန်နိုင်ငံ၏စီးပွားရေးသည် ပြီးခဲ့သည့် သုံးလပတ်ကာလ( ဧပြီ-ဇွန်) အတွင်း ၂၇.၈ ရာခိုင်နှုန်းအထိ စံချိန်တင်ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၏ ဒုတိယသုံးလပတ်ကာလတွင် ကိုရိုနာကပ်ရောဂါ၏ သက်ရောက်မှုကြောင့် နိုင်ငံ၏ GDP သည် နှစ် ၄၀ ကာလတာအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး  ၂၇.၈% ထိကျဆင်းခဲ့ကြောင်း မူဝါဒသုံးသပ်သူများအနေဖြင့် စီးပွားရေးကပ်ဆိုက်ရောက်မည့် အခြေ အနေမှ တားဆီးကာကွယ်ရန် ကြိုးပမ်းနေကြေကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး၏ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါ သည်။

အဆိုပါ ကိန်းဂဏန်းသည် ၁၉၈၀ ကျော်ခုနှစ်များမှ စာရင်းဇယားများနှင့်နှိုင်းစာပါက အဆိုးရွားဆုံး ရလဒ်ဖြစ်ပါကြောင်း၊  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုများကြောင့် ဂျပန်အစိုးရက အရေးပေါ်အခြေအနေကို ကြေငြာခဲ့ပြီး ပြည်သူများ မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ကြရန်၊  စီးပွားရေးလုပ်ငန်းအများစုကို ယာယီပိတ်သိမ်းကြရန် ညွှန်ကြားခဲ့မှုကြောင့်  တစ်ဦးချင်းစားသုံးမှုနှုန်းများကျဆင်းခဲ့ ခြင်း ၊ စီးပွားရေးဆောင်ရွက်ချက်များ ရပ်ဆိုင်းသွားခြင်းနှင့် ပြည်ပပို့ကုန်များလည်း သိသိသာသာကျဆင်းခဲ့ခြင်းများ ရင်ဆိုင်ခဲ့ရပါသည်။

မေလနှောင်းပိုင်းက အစိုးရ၏ အရေးပေါ်ကြေငြာချက်ပြန်လည်ရုတ်သိမ်းပြီးနောက် ထိုင်းမှိုင်းနေသည့် နိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ရှင်သန် လာနိုင်ပြီး လက်ရှိအကျပ်အတည်းမှ လျော့ပါးသွားစေမည်ဟု မျှော်လင်နေပါကြောင်း၊ ဇူလိုင်မှ စက်တင်ဘာလအထိလာမည့် သုံးလပတ်တွင် ပိုမိုကောင်းမွန်သည့် ရလဒ်များမျှော်လင့်ပါကြောင်း၊ သို့သော် တရုတ်နိုင်ငံမှလွဲ၍ ကျန်သည့်ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးပြန်လည်နာလန်ထူမှုမှာ နှေးကွေးနေဆဲဖြစ်မည်ဟု ယူဆပါကြောင်းဟု Norinchukin Research Institute မှ အကြီးတန်းစီးပွားရေးပညာရှင်  Mr. Takeshi Minami က သုံးသပ်ထားပါသည်။

ဂျပန်နိုင်ငံ၊ စီးပွားရေးပြန်လည်အားကောင်းလာစေရေးဝန်ကြီး Mr. Nishimura Yasutoshi က ပြည်သူလူထု၏ နေထိုင်မှုဘဝများနှင့် အလုပ်အကိုင်များ အဆင်ပြေစေရေးအတွက် ခက်ခက် ခဲခဲရုန်းကန်နေကြရသည့် လူတန်းစားများကို အစိုးရအနေဖြင့် ဦးစားပေးပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊  ပြည်တွင်းဝယ်လိုအား တိုးတက်လာစေရန် ဆောင်ရွက်ချက်များမှတဆင့် နိုင်ငံ၏  စီးပွားရေးကို ပြန်လည်တိုးတက်လာသည့် လမ်းကြောင်းပေါ်ရောက်လာစေရန် ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံ၏စီးပွားရေးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပမှ အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစောင့့််ကြည့်ရန်လည်းလိုအပ်သည်ဟု ပြောကြားခဲ့ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Today and The Mainichi Daily News.

 

 

 

 

 

 

 

 

 

 

Category: International News