International News

ဂျာမနီနိုင်ငံအနေဖြင့် စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲ၍မရနိုင်ကြောင်း အစိုးရအကြံပေးများမှ ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါအကျပ်အတည်းကြောင့် ယခုနှစ်တွင် ဂျာမနီနိုင်ငံ၏ စီးပွားရေးကျဆင်းမည်ဖြစ်ကြောင်း၊ COVID-19 ကြောင့် ကန့်သတ်ပိတ်ပင်ထားမှုများ ယခုနွေရာသီကာလတွင် အဆုံးသတ်နိုင်မည်ဆိုပါက ၂၀၂၁ ခုနှစ်တွင် စီးပွားရေးပြန်လည်နိုးထလာနိုင်ကြောင်း ဂျာမနီစီးပွားရေးကျွမ်းကျင်သူများကောင်စီ (German Council of Economic Experts) အရ သိရှိရကြောင်း၊ ဂျာမနီနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု ကြောင့် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ပိတ်သိမ်းထားရခြင်းတို့နှင့်အတူ သက်ရောက်မှုများစွာကြုံတွေ့နေရကြောင်း၊ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အတွက် အဓိကကျသည့် လိုအပ်ချက်မှာ ဗိုင်းရပ်စ်ကူးစက်မှုအား ရပ်တန့်နိုင်ရေးဖြစ်ပြီး၊ ပြည်သူများ၏ စိုးရိမ် ကြောက်လန့်မှုများကို လျော့ပါးသက်သာစေရေး အတွက် အစိုးရထံမှ ရှင်းလင်းသည့် သတင်းအချက်အလက်မှာလည်းအရေးကြီးသည်ဟု အကြီးတန်းစီးပွားရေးပညာရှင်များပါဝင်သည့် အကြံပေးအဖွဲ့က ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် မသေချာမရေရာမှုများ အလွန်မြင့်မားနေပြီး အထူးသဖြင့် စာရင်းဇယားအခက်အခဲနှင့် ပုံမှန်မဟုတ်သည့် အခြေအနေများ ကြောင့်ဖြစ်ကြောင်း၊ အများဆုံးဖြစ်နိုင်ခြေရှိသည့် စီးပွားရေးအခင်းအကျင်းမှာ နွေရာသီအပြီးကာလတွင် စီးပွားရေးပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိမည်ဟု ယူဆချက်နှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် GDP ၂.၈ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးပြန်လည် နိုးထနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

စီးပွားရေးအာမခံချက်ပေးရန်အတွက် ယူရိုဘီလီယံများစွာသုံးစွဲမည့် အစိုးရ၏ အစီအမံများအပေါ် ဂျာမနီစီးပွားရေးကျွမ်းကျင်သူများကောင်စီကကြိုဆိုခဲ့ပြီး၊ အခြား ဖြစ်နိုင်ဖွယ်ရှိသည့် စီမံဆောင်ရွက်မှုများကိုလည်း ပြောကြားခဲ့ကြောင်း၊ လူအများစု နေအိမ်တွင်နေထိုင်နေကြပြီး အလုပ်မလုပ်နိုင်ကြသည့်အခြေအနေကို ပြုပြင် ပြောင်းလဲမှုအတွက် အရေးပါသည့် သင်တန်းပေးမှုများ အတွက်အသုံးပြုနိုင်ကြောင်း၊ ကျောင်းများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းစီမံကိန်းများကို shutdown ဆက်လက်လုပ်ဆောင်နေစဉ်ကာလ၌ မြန်ဆန်အောင်ဆောင်ရွက်နိုင်မည်ဟု  အဆိုပါကောင်စီကပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

အကယ်၍ အဆိုးရွားဆုံးဖြစ်နိုင်ခြေအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး အစီအမံများသည် နွေရာသီကာလနောက်ပိုင်းအထိ ဆက်လက်ထားရှိ ဆောင်ရွက်ရပါက အီးယူ၏ အကြီးဆုံးစီးပွားရေးတစ်ခုဖြစ်သည့် ဂျာမနီနိုင်ငံ၏ စီးပွားရေးမှာ ဒေဝါလီခံရခြင်းများ၊ အလုပ်အကိုင် အများအပြားဆုံးရှုံးရသည့် အခြေအနေများနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ ထိုသို့ ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့ပါက စားသုံးသူယုံကြည်မှုအပိုင်းတွင် လျော့ကျလာနိုင်ပြီး၊ ၂၀၂၀ ပြည့်နှစ်အတွက် ဂျာမနီနိုင်ငံ၏ စီးပွားရေးမှာ အနည်းဆုံး ၄.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်း စီးပွားရေးတိုးတက်မှု ၁ ရာခိုင်နှုန်းဖြင့် အားနည်းနိုင်ကြောင်း Politico ၏ ၃၀-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -   (Politico)

 

Category: International News