International News

စင်ကာပူစားသောက်ကုန်အေဂျင်စီက စိုက်ပျိုးရေးလုပ်ငန်း (၉)ခုကို စင်ကာပူ ဒေါ်လာ သန်း ၄၀ နီးပါးအထိ ထောက်ပံ့ကြေးပေး

Last Updated:

စင်ကာပူနိုင်ငံ၏ အစားအစာအဟာရလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကို ၂၀၃၀ ခုနှစ်ခန့်တွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသော အစီအမံများအနက် "30 x 30 Express Grant" အစီအစဉ်အရ စင်ကာပူစားသောက်ကုန်အေဂျင်စီ (Singapore Food Agency - SFA) သည် စိုက်ပျိုးရေးလုပ်ငန်း (၉) ခုကို စင်ကာပူဒေါ်လာ ၃၉.၄ သန်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

 ဤထောက်ပံ့ကြေးအစီအစဉ်ကို အဆိုပြုလျှောက်ထားနိုင်သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်မှ မေလ ၂၉ ရက်အတွင်း အဆိုပြုလွှာ (၄၀) ကျော်ကို လက်ခံရရှိခဲ့ကြောင်း၊ အဆိုပြုလွှာများ အား စိစစ်အကဲဖြတ်ရာတွင် စီမံကိန်းကို အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုပမာဏ၊ စီမံကိန်းအကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေရှိသော အခြေအနေ၊ စီးပွားရေးအရတွက်ချေကိုက်မှုနှင့် လုပ်ငန်းများ၏ အောင်မြင်မှုများနှင့် စွမ်းဆောင်နိုင်မှု စသည့်အခြေအနေတို့အပေါ် ထည့်သွင်းစဉ်းစားဆုံးဖြတ်ပါကြောင်း၊ အဆိုပြုလွှာ တင်သွင်းလာခဲ့ သောလုပ်ငန်းများအနက် (၉)ခုမှာ ထုတ်လုပ်မှုစွမ်းအားမြင့်မားသည့် စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု၍ လာမည့် (၆)လမှ (၂) နှစ်အတွင်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုပမာဏကို သိသိသာသာတိုးတက်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ငွေကြေး ထောက်ပံ့ပေးရန်အတွက် SFA သည် မူလလျာထားသော စင်ကာပူဒေါ်လာသန်း ၃၀ မှ သန်း ၄၀ နီးပါးအထိ တိုးမြှင့်လျာထားခဲ့ရကြောင်း ဖော်ပြ ထားပါသည်။

လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်မှုပမာဏတိုးတက်လာရေးအတွက် နည်းပညာများအသုံးပြု၍ ဆောင်ရွက်ရာတွင် ကုန်ကျမည့် စရိတ်များကို ကာမိစေရန် ဤအစီအစဉ်ဖြင့် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် ထောက်ပံ့ကြေးရရှိမည့် I.F.F.I လုပ်ငန်းသည် AI (မှတ်ဉာဏ်တု) နည်းပညာကိုအသုံးပြု၍ အရွက်စားဟင်းရွက်များ၏ ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို စောင့်ကြည့်လျက် တစ်နှစ်ပတ်လုံး အထွက်နှုန်း ကောင်းမွန်စေရန်အတွက် ထိန်းချုပ်မှုစနစ်များနှင့် ထွက်ကုန်များ၏ သက်တမ်းကြာရှည်ခံနိုင်မှုရှိရေး၊ ထွက်ကုန်များတွင် ပိုးမွှားပါဝင်မှု လျှော့နည်းစေရေးအတွက် ဆန်းသစ်တီထွင်ထားသည့် ရေသန့်စင်စနစ်များကို ထည့်သွင်းအသုံးပြုဆောင်ရွက် မည့် နည်းပညာမြင့် အလုံပိတ် စိုက်ပျိုးရေးခြံကြီးများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် အဆောက်အဦများ၏ အမိုးပေါ်၌ ပထမဆုံး စိုက်ပျိုးသော လုပ်ငန်း ComCrop သည်လည်း နောက်ထပ် စတုရန်းမီတာ ၂၀၀၀ အကျယ်အဝန်းရှိသည့်ခြံကို အလိုအလျောက် စနစ်များထည့်သွင်းအသုံးပြု၍ တည်ဆောက်သွားမည်ဖြစ်သဖြင့် ၎င်း၏ လက်ရှိ တစ်နှစ်လျှင် အရွက်စားဟင်းရွက်ထုတ်လုပ်မှုပမာဏ တန်ချိန် ၂၀ မှ တန် ၂၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွား နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့တွင် ရာသီဥတုဖောက်ပြန်မှု၊ ထုတ်လုပ်မှုကွင်းဆက်ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ယခုကဲ့သို့ ကိုဗစ်ရောဂါဖြစ်ပွားသော အချိန်ကာလများ တွင် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန် ပို၍ပင်အရေးကြီးကြောင်းနှင့် သို့မှသာ စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ စားသုံးသူများ အနေဖြင့်လည်း ပြည်တွင်းထွက်ကုန်များကို ဝယ်ယူစားသုံးကြစေလိုကြောင်း SFA က တိုက်တွန်းနှိုးဆော်ထားပါသည်။   

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)   

သတင်းရင်းမြစ် ။     ။ Singapore Food Agency/ The Straits Times

Category: International News