International News

စင်ကာပူနိုင်ငံသည် စီးပွားရေးတံခါးကို ဖွင့်လှစ်ထားသည်ဟူသော ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြား

Last Updated:

ကိုဗစ်ကြောင့် ပြည်တွင်းလုပ်သားများ၏ အလုပ်အကိုင်ရရှိမှုအပေါ် သက်ရောက်မှုများဖြစ်ပေါ်နေသည့်အတွက် စင်ကာပူနိုင်ငံ၏ နိုင်ငံခြား လုပ်သားခန့်ထားခြင်းဆိုင်ရာမူဝါဒများကို ညှိနှိုင်းဆောင်ရွက်နေရသော်လည်း စင်ကာပူသည် နိုင်ငံခြားသားများကို ကြိုဆိုလိုခြင်းမရှိတော့ဘဲ တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေပြီဟု ထင်မှတ်သွားနိုင်သဖြင့် အထူးသတိပြု၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် အခွင့် အလမ်းများ ဖန်တီးပေးနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းရည်ပြည့်ဝသည့် နိုင်ငံခြားလုပ်သားများကို ဆက်လက်ကြိုဆိုလျက် စင်ကာပူ နိုင်ငံ၏ စီးပွားရေးတံခါးကို အမြဲဖွင့်လှစ်ထားသည်ဟူသော ဂုဏ်သတင်းကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်းနှင့် ထိုသို့မထိန်းသိမ်းနိုင်ပါက စင်ကာပူနိုင်ငံ၏ ဂုဏ်သတင်းအပေါ် ကြီးမားသော ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ၂ - ၉ - ၂၀၂၀ ရက်နေ့တွင် ပါလီမန်၌ မိန့်ခွန်းပြောကြားစဉ် သတိပေးခဲ့ပါသည်။

ဆေးဝါးကုမ္ပဏီတစ်ခုသည် စင်ကာပူတွင် ဆေးဝါးထုတ်လုပ်သောစက်ရုံ(၁)ရုံ တည်ဆောက်ရန် စီစဉ်နေခြင်း၊ ကပ်ရောဂါဆိုင်ရာအာမခံလုပ်ငန်းကို အထူးပြုဆောင်ရွက်မည့် ကုမ္ပဏီ (၁) ခုက စင်ကာပူတွင် လုပ်ငန်းစတင် ဆောင်ရွက်လိုခြင်း၊ နိုင်ငံအချို့တွင် နိုင်ငံရေးမတည်ငြိမ်မှုအခြေအနေ များကြောင့် အမေရိကန်နိုင်ငံရှိ Fortune 500 စာရင်းဝင် ကုမ္ပဏီကြီးများက ၎င်းတို့၏ ဒေသဆိုင်ရာရုံးချုပ်များကို စင်ကာပူသို့ ရွှေ့ပြောင်းဆောင် ရွက်သွားရန် စဉ်းစားသုံးသပ်နေခြင်းနှင့် ထိပ်တန်းငွေရေးကြေးရေးအဖွဲ့အစည်းများကလည်း စင်ကာပူတွင် လုပ်ငန်းများဆက်လက်တိုးချဲ့ ဆောင်ရွက်လိုကြခြင်း စသည်တို့သည် လက်ရှိအကျပ်အတည်းကာလအတွင်းမှ ပေါ်ပေါက်လာသော အခွင့်အလမ်းများဟု ပြောဆိုနိုင်ကြောင်း၊ နိုင်ငံအချို့တွင် ဖိအားများနှင့် နိုင်ငံရေးမတည်ငြိမ် မှုများ ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် နိုင်ငံတကာစီမံကိန်းများဆောင်ရွက်သော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် ၎င်းတို့၏ စီမံကိန်းများကို ပြန်လည်နေရာချထားရန် ဆောင်ရွက်ကြမည်ဖြစ်ပြီး၊ စီမံကိန်းလုပ်ငန်းများအတွက် မှန်ကန် သောနေရာကို ရှာဖွေနေကြကြောင်း၊ နိုင်ငံရေးတည်ငြိမ်သော၊ တရားဥပဒေစိုးမိုးသော၊ စည်းလုံးညီညွှတ်၍ ကြိုးစားအားထုတ်မှုရှိသော နိုင်ငံ များကိုရှာဖွေနေကြပြီး၊ စင်ကာပူသည် ၎င်းတို့ ယုံကြည်စိတ်ချရသော နိုင်ငံများတွင် ပါဝင်ကြောင်း၊ ကိုရီးယား မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ Hyundai Motor သည် စင်ကာပူတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာကိုတည်ထောင်၍ လျှပ်စစ်ကားအပါအဝင် အခြားနည်း ပညာများဖွံ့ဖြိုးတိုးတက်လာရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ကြေညာထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဤသို့ ကပ်ရောဂါကာလအတွင်းမှာပင် စင်ကာပူ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် စိတ်ဝင်စားမှုဖော်ပြလာကြသောအချိန်တွင် နိုင်ငံခြား လုပ်သားမူဝါဒများကို အထူးဂရုပြုဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စင်ကာပူသို့ ဝင်ရောက်လာစေရေး မှာ ၎င်းတို့အား ကြိုဆိုမှုရှိကြောင်း သေချာစေရန်နှင့် ၎င်းတို့လိုအပ်သော စွမ်းရည်ပြည့်ဝသည့် လုပ်သားများကို ခေါ်ဆောင်ခန့်ထားခွင့်ပြုပေးရမည် ဖြစ်ကြောင်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာရုံးချုပ်များသည် လုပ်ငန်းသဘောသဘာဝအရ နိုင်ငံတကာလုပ်သားများကို စုဖွဲ့ခန့်အပ်ထားရန် လိုအပ် သည့်အတွက် စင်ကာပူနိုင်ငံသားများကိုသာ ခန့်ထားနိုင်မည်မဟုတ်ကြောင်း၊ ၎င်းကုမ္ပဏီများ စင်ကာပူတွင် တည်ထောင်လာခြင်းနှင့်အတူ စင်ကာပူနိုင်ငံသားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ လုပ်သားစျေးကွက်အတွင်း နိုင်ငံခြားလုပ်သား များ၏ ယှဉ်ပြိုင်မှုများအပေါ် စင်ကာပူနိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုများကိုလည်း နားလည်နိုင်ပါကြောင်း၊ နိုင်ငံခြားလုပ်သားခန့်အပ်မှုအတွက် လုပ်ခလစာသတ်မှတ်ချက်များကို တင်းကြပ်ထားသောကြောင့် ပညာရှင်၊ မန်နေဂျာ၊ အမှုဆောင်အရာရှိနှင့် နည်းပညာရှင်အဆင့် အလုပ်အကိုင် နေရာများတွင် စင်ကာပူနိုင်ငံသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာမှလည်း ပြောင်းလဲမှု အခြေအနေကို စောင့်ကြည့်နေကြပြီး နိုင်ငံခြားမီဒီယာတစ်ခုက လတ်တလောရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများတွင် စင်ကာပူသည် အတွင်း သို့ လှည့်လာသောအခြေအနေတွင်ရှိကြောင်း ရေးသားလာကြသည်ကို သတိပြုမိကြောင်း၊ မူဝါဒများချမှတ် ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များက နိုင်ငံခြားလုပ်သားများ၏ အလုပ်အကိုင်လျှောက်ထားမှုများအပေါ် အကဲဖြတ်ရွေးချယ်ရာ၌ အရည်အသွေးပြည့်မီသော စင်ကာပူနိုင်ငံသားများအား ခွဲခြားဆက်ဆံမှုရှိ-မရှိကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး၊ ဤသို့ ခက်ခဲသောကာလအတွင်း စင်ကာပူလုပ်သားအင်အားကို တိုးမြှင့်ခန့်ထား ကြရန် လုပ်ငန်းရှင်များကိုလည်း နှိုးဆော် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူ၏ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း အစိုးရ၏ မူဝါဒများအပေါ် ထောက်ခံကြောင်းနှင့် နိုင်ငံခြားလုပ်သား ခန့်ထားခြင်းဆိုင်ရာမူဝါဒများကို လွန်ကဲစွာတင်းကြပ်ခြင်းဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုများဖြစ်ပေါ်ကာ စီးပွား ရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ထိခိုက်လာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များကလည်း ပြောကြား ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times/ Today News

Category: International News