International News

စင်ကာပူနိုင်ငံ၏ အခွန်နှစ်ထပ်မကျသင့်စေရေး သ‌ဘောတူစာချုပ်နှင့် လွတ်လပ်သော ကုန်သွယ်မှု ကွန်ယက်များ၏ အားသာချက်

Last Updated:

စင်ကာပူနိုင်ငံ၏ အခွန်နှစ်ထပ်မကျသင့်စေရေးသ‌ဘောတူစာချုပ်ကွန်ယက်

စင်ကာပူနိုင်ငံသည် သမားရိုးကျ (Conventional) နှင့် ကွဲပြားခြားနားမှု (Nuanced) ရှိသည့် လုပ်ငန်းနယ်ပယ်များစွာမှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိသော ကမ္ဘာ့ကြီးမားကျယ်ပြန့်သည့် အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ် (Double Tax Agreement-DTA) များ ချုပ်ဆိုထားသည့် ကွန်ယက်များထဲမှ တစ်ခုကို ပိုင်ဆိုင်ထားရှိပါသည်။ စင်ကာပူနိုင်ငံအနေဖြင့် ပြည့်စုံကျယ်ပြန့်သော သဘောတူညီချက် (Comprehensive)၊ ကန့်သတ်ချက်ရှိသော သဘောတူညီချက် (Limited)နှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်း အစီအစဉ်များပါဝင်သည့် သဘောတူညီချက် (Exchange of Information Arrangements-EOIAs) စသည့် ပုံစံ(သို့မဟုတ်) အတန်းအစား ၃ မျိုးပါဝင်သည့် အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ် (DTA) စုစုပေါင်း ၉၀ ကျော်အား လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။

ပြည့်စုံကျယ်ပြန့်သော သဘောတူညီချက် (Comprehensive) များ ပါဝင်သည့် အခွန်နှစ်ထပ် မကျသင့်စေရေး သဘောတူစာချုပ် (DTA) များမှာနှစ်ဖက်ပါဝင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံနှစ်နိုင်ငံတို့အကြား ဝင်ငွေအတန်းအစားအားလုံးအတွက် အခွန်နှစ်ထပ်ကျသင့်စေခြင်းမှ လျော့ပေါ့ သက်သာခွင့်ပေးအပ်ထားကြောင်း၊ ကန့်သတ်ချက်ရှိသောသဘောတူညီချက် (Limited) များပါဝင်သည့် အခွန်နှစ်ထပ်ကျသင့်စေရေးသဘောတူစာချုပ် (DTA) မှာမူ လေကြောင်းပို့ဆောင်ရေး (Air Transport)နှင့် ကုန်သွယ်ရေကြောင်း (Shipping) တို့မှ ရရှိသည့်ဝင်ငွေကိုသာ လျော့ပေါ့ သက်သာခွင့်ပေးအပ်ထားကြောင်းနှင့် သတင်းအချက်အလက်များဖလှယ်ခြင်းအစီအစဉ်များ ပါဝင်သည့်သဘောတူညီချက် (EOIAs) စာချုပ်များမှာ အခွန်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေဖလှယ်ခြင်းတို့အတွက် ပြဋ္ဌာန်းချက်များသာဖြစ်ပါသည်။

ကွဲပြားခြားနားမှုများစွာရှိသည့် အခွန်နှစ်ထပ်မကျသင့်စေရေးသဘောတူစာချုပ် (DTA) တစ်ခုချင်းစီအောက်မှ အခွန်လျော့ပေါ့ သက်သာခွင့်များသည် နိုင်ငံတစ်ခုချင်းစီအတွက်လည်း ကွဲပြားခြားနားမှုရှိပါသည်။ ၎င်းတို့ကို ယေဘုယျအားဖြင့် ဝင်ငွေအတန်း အစားအမျိုးမျိုးပေါ်မူတည်၍ ခွဲခြားထားရာမူပိုင်ခွင့်များအပေါ်တွင် စည်းကြပ်ကောက်ခံသည့်အခွန် (Tax on Royalties)၊ အမြတ်ဝေစုများအပေါ် စည်းကြပ်ကောက်ခံသည့်အခွန် (Tax on Dividends)၊အခြေပစ္စည်းများကိုရောင်းချခြင်းမှ မြတ်စွန်းငွေအပေါ် စည်းကြပ်ကောက်ခံသည့်အခွန် (Tax on Capital Gains)၊ အကျိုးအမြတ်ရရှိမှုများအပေါ် စည်းကြပ်ကောက်ခံသည့် အခွန် (Tax on Interests)၊ ကုန်သွယ်ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေး (Shipping and Air Transport)၊ ဒါရိုက်တာများ၏ လုပ်ခလစာများ (Directors’ Fees)၊  သီးခြားနေထိုင်သူနှင့် မှီခိုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ (Independent and Dependent Personal Services)၊ သုတေသနပြုလုပ်သူများ (Researchers) ၊ကျောင်းသားများ (Students) နှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများမှ ရရှိသည့်ဝင်ငွေ (Income from Immovable Property)တို့ဖြစ်ပါသည်။

စင်ကာပူနိုင်ငံရှိ အခွန်နှစ်ထပ်မကျသင့်စေရေးသဘောတူစာချုပ် (DTA) တစ်ခု၏ အကျိုးကျေးဇူး များကို အသုံးချပုံ

စင်ကာပူနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ် (DTA) များ၏ ကွန်ယက်မှအကျိုးကျေးဇူးများစွာကို ဖမ်းဆုပ်ရယူနိုင်ရန်အတွက် စင်ကာပူနိုင်ငံတွင်နေထိုင်သူ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (Individual) (သို့မဟုတ်) ကုမ္ပဏီတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံတစ်ခုခု၏ အခွန်စည်းကြပ်ကောက်ခံမှုကို ခံယူလျက်ရှိသည့်လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုဖြစ်ရမည်ဖြစ်ပါသည်။

“စင်ကာပူနိုင်ငံတွင် နေထိုင်သူတစ်ဦး” ဆိုသည်ကို အောက်ပါ အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်-

  • စင်ကာပူနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းတစ်ခု၏ ထိန်းချုပ်ကွပ်ကဲမှုအောက်ရှိကုမ္ပဏီတစ်ခု(သို့မဟုတ်) လူပုဂ္ဂိုလ် တစ်ဦးဖြစ်ရမည်။
  • ယုတ္တိမရှိသော ယာယီအားဖြင့် နေထိုင်ပျက်ကွက်မှုများစွာရှိသူနှင့် ရှေ့နောက်ညီညွှတ်မှုမရှိသော တောင်းဆိုမှုနှင့်အတူ စင်ကာပူနိုင်ငံတွင် နေထိုင်သူတစ်ဦးဖြစ်စေရန် ကြိုးပမ်းလုပ် ဆောင်နေသူကဲ့သို့သော လူပုဂ္ဂိုလ်များမှအပ လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံအတွင်း သက်ရှိထင်ရှားနေထိုင်လျက်ရှိသူ (သို့မဟုတ်) စင်ကာပူနိုင်ငံတွင် ၁၈၃ ရက် (သို့မဟုတ်) ပြက္ခဒိန်နှစ် တစ်နှစ်ထက်ကျော်လွန်၍ အလုပ်လုပ်ခဲ့သူများ အပါအဝင် စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသူတစ်ဦးဖြစ်ရမည်။

အခွန်နှစ်ထပ်မကျသင့်စေရေးအတွက် စင်ကာပူနိုင်ငံတွင် နေထိုင်သူတစ်ဦးအနေဖြင့် နေထိုင်ကြောင်းသက်သေခံကဒ်ပြား(Certificate of Residence-COR) ဟူသော ၎င်းတို့၏ စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်ကာလအခွန်သက်သေခံအထောက်အထား (Singapore Tax Residency) ကို အခြားပါဝင် လက်မှတ်ရေးထိုးထားသည့်နိုင်ငံသို့ လျှောက်ထားတင်ပြရမည်ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံ၏ အခွန်စည်းကြပ်ကောက်ခံမှုအား ခံယူလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ရမည်ဖြစ်သည့်အပြင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံရှိ အခွန်အာဏာပိုင်မှ ခေတ္တလာရောက်နေထိုင်သူ မှန်ကန်ကြောင်းစိစစ်ချက်အပါအဝင် အချက်အလက်ပြည့်စုံသော နေထိုင်ကြောင်းသက်သေခံကဒ် (Certificate of Residence) အား စင်ကာပူနိုင်ငံ၊ အခွန်အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် Inland Revenue Authority သို့ ပေးပို့တင်ပြရမည်ဖြစ်ပါသည်။

အခွန်နှစ်ထပ်မကျသင့်စေရေးအတွက် စင်ကာပူနိုင်ငံအတွင်း၌ နေထိုင်ကြောင်းသက်သေခံကဒ် (COR) တစ်ခုအား ကုမ္ပဏီတစ်ခု၏ နိုင်ငံရပ်ခြားမှ လုပ်ငန်းခွဲများ၏ အမြတ်အစွန်းရရှိမှုများ၊ အမြတ်ဝေစုခွဲဝေရရှိမှုများနှင့် အခြားနိုင်ငံရပ်ခြားရှိ ဝင်ငွေရင်းမြစ်များ၏ လုပ်နည်းလုပ်ဟန်ရှိ လွှဲပြောင်း ပေးပို့လာသော နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုတို့အား အခွန်စည်းကြပ်ကောက်ခံမှုအပေါ် လျော့ပေါ့သက်သာခွင့်ရရှိရန်အတွက် သက်သေအထောက်အထားအဖြစ် ပြသရန်အသုံးပြုကြပါသည်။ နေထိုင်ကြောင်းသက်သေခံကဒ် (COR) မရှိပါက အဆိုပါတရားဝင်လွှဲ ပြောင်းပေးပို့လာသော အမြတ်အစွန်းရရှိမှုများသည်လည်း နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ လုပ်‌ဆောင်နေကြသော အခြားလုပ်ငန်းများမှ ရရှိသည့် အမြတ်အစွန်းရရှိမှုများစွာကဲ့သို့ပင် တူညီသောကိစ္စရပ်များအဖြစ် သတ်မှတ်၍ အခွန်ကျခံစေရမည်ဖြစ်ပါသည်။

လေ့လာမှုပြုလုပ်ချက်-စင်ကာပူနိုင်ငံအား ဖြတ်သန်း၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့်လမ်းကြောင်း

အခွန်နှစ်ထပ်မကျသင့်စေရေးသဘောတူစာချုပ် (DTA) တစ်ခု၏ အကျိုးကျေးဇူးများကို ပုံဖော် ကြည့်ရှုမည်ဆိုလျှင် စင်ကာပူနိုင်ငံမှတဆင့် ၎င်းတို့၏ အမြတ်အစွန်းရရှိမှုများကို ၎င်းတို့နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးပို့လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည့်ချီလီနိုင်ငံသား (Chilean) ပိုင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော စီးပွား‌ရေးလုပ်ငန်းတစ်ခု၏ဖြစ်ရပ်ကို လေ့လာကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အဆိုပါရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်၍ရရှိလာသည့် အမြတ် အစွန်းရရှိမှုများကို ချီလီနိုင်ငံသို့ တိုက်ရိုက်လွှဲပြောင်းပေးပို့မည်ဆိုပါက ၎င်းတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ဝင်ငွေခွန် (Corporate Income Tax-CIT) နှုန်းထား ၂၂ ရာခိုင်နှုန်းအပြင်ထပ်တိုး၍ စည်းကြပ်ကောက်ခံမှုပြုလုပ်ထားသည့် ပင်ရင်းမှနှုတ်ယူသည့်အခွန် (Withholding Tax-WHT) ၂၀ ရာခိုင်နှုန်းဖြင့် ၎င်းတို့၏ အမြတ်ဝေစုများ၊ အကျိုးအမြတ်ရရှိမှုများနှင့် မူပိုင်ခွင့်များအား အခွန်စည်းကြပ်ကောက်ခံခြင်းကို ပြုလုပ်ခံရမည်ဖြစ်ပါ သည်၊ အဘယ်ကြောင့်ဆိုသော် အင်ဒိုနီးရှားနိုင်ငံနှင့် ချီလီနိုင်ငံတို့အကြား အခွန်နှစ်ထပ် မကျသင့်စေရေးသဘောတူစာချုပ် (DTA) မရှိခြင်းကြောင့်ဖြစ်ပြီး သို့ဖြစ်၍ အဆိုပါကိစ္စရပ်တွင် ၎င်းတို့အနေဖြင့် အမှန်တကယ်ရရှိလာမည့်အမြတ်အစွန်းရရှိမှုမှာ စုစုပေါင်းအကြမ်း အမြတ် (Total Gross Profit) ၏ ၆၂.၄ ရာခိုင်နှုန်းမျှသာရှိမည် ဖြစ်ပါသည်။

စင်ကာပူနိုင်ငံမှတဆင့် ဖြတ်သန်း၍ အဆိုပါရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်မည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့်တူညီသော ဝင်ငွေခွန် (Corporate Income Tax-CIT) နှုန်းထားဖြင့် အခွန်စည်းကြပ်ကောက်ခံခြင်းကို ခံရမည်ဖြစ်သော်လည်း ရှေ့ပိုင်းတွင်အခွန်စည်းကြပ်ကောက်ခံမှု ပြုလုပ်ထားသည့်ပင်ရင်းမှ နှုတ်ယူသည့်အခွန် (Withholding Tax-WHT) များကို လျှော့ပေါ့ပေးထားသော အင်ဒိုနီးရှားနိုင်ငံနှင့် ချုပ်ဆိုထားသည့် စင်ကာပူနိုင်ငံ၏ အခွန်နှစ်ထပ် မကျသင့် စေရေးသဘောတူစာချုပ် (DTA) မှ အကျိုးကျေးဇူးကို ခံစားရရှိစေမည်ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ချုပ်ဆိုထားသည့် အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ် (DTA) သည် အင်ဒိုနီးရှားနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်မှုမှရရှိလာပြီး ပြန်လည် ခွဲဝေသည့် အမြတ်ဝေစုများအပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံပြီး စင်ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့အကြားရှိ အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ် (DTA) တွင် ခွဲဝေရရှိသည့် အမြတ်ဝေစုများအပေါ် အခွန်စည်းကြပ်ကောက်ခံမှုပြုလုပ်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ နှိုင်းယှဉ် ကြည့်မည်ဆိုလျှင် အမှန်တကယ်ရရှိလာမည့် အမြတ်ရရှိမှုမှာ ချီလီနိုင်ငံသို့ တိုက်ရိုက်လွှဲပြောင်း ပေးပို့မှုထက် ပိုမိုများပြား စေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီမှု (FTA) များ

ဒေသတွင်းနိုင်ငံများအနေဖြင့် ခိုင်မာမြဲမြံသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (FTA) ကွန်ယက်များကို ထိန်းသိမ်းထားရှိသော်လည်း စင်ကာပူနိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (FTA) ကွန်ယက်များကဲ့သို့ ကြီးမားကျယ်ပြန့်မှုမရှိ ကြောင်း သိရှိရပါသည်။ အဆိုပါအကြောင်းအချက်များကြောင့် စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းဒေသတွင်း နယ်မြေများထဲသို့ စီးပွားရေးလုပ်ငန်းများချဲ့ထွင်ရန် အခွင့်အလမ်းရှာဖွေခြင်းများ ပြုလုပ်ရန်အတွက် ရှောင်လွှဲ၍မရနိုင်သည့် အရေးပါသော တည်နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၊ ဒေသတွင်းနိုင်ငံအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်မှုသ‌ဘောတူစာချုပ် (Bilateral FTA) ၁၄ ခုနှင့် ဒေသတွင်းဆိုင်ရာချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်မှုသ‌ဘောတူ စာချုပ် (Regional FTA) ၁၃ ခုတို့တွင် အာဆီယံ-တရုတ် (ASEAN-China)၊ အာဆီယံ-အိန္ဒိယ (ASEAN-India) နှင့် အာဆီယံ-ဟောင်ကောင် (ASEAN-Hong Kong) စသည့် ကုန်သွယ်မှုအစုအဝေးကြီးများထဲတွင် ကြီးမားစွာ ပေါင်းစည်းထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (FTA) များပါဝင်ကြောင်း သိရှိရပါသည်။ ၎င်းတို့သည် စင်ကာပူနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းများစွာအား ဦးစားပေးဈေးကွက်များ (Preferential Markets) သို့ ချဉ်းနင်းဝင်‌ရောက်နိုင်စေခြင်း၊ သွင်းကုန်အခွန်လျော့ပေါ့သက်သာစေခြင်းများ (သို့မဟုတ်) ကင်းလွတ်ခွင့်ရရှိစေခြင်းများ (Free or Reduced Import Tariffs) နှင့်အတူ အဆင့်မြှင့်တင်ထားသော မူပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းများ (Enhanced Intellectual Property Regulations) ၏ အကျိုးကျေးဇူးများအား ခံစားရခြင်း အစရှိသည်တို့ကို ရရှိနိုင်စေရန် အခွင့်အလမ်းကို ဖန်တီးပေးထားပါသည်။

စင်ကာပူနိုင်ငံမှ အခြားနိုင်ငံများ၊ ဒေသတွင်းနိုင်ငံအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (FTA) အမျိုးအစားနှစ်မျိုးရှိပြီး ၎င်းတို့မှာ စင်ကာပူနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်သောနိုင်ငံတို့အကြား သီးခြားသဘောတူစာချုပ်များဖြစ်ကြသည့် နှစ်နိုင်ငံအကြား ချုပ်ဆိုသည့်သ‌ဘောတူစာချုပ် (Bilateral)နှင့် စင်ကာပူနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်သည့် နိုင်ငံများအား စုဖွဲ့ထားသည့်အဖွဲ့အစည်းကြီးတစ်ခုတို့အကြား ချုပ်ဆိုကြသည့် ဒေသတွင်းဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (Regional FTA) တို့ ဖြစ်ပါသည်။

 

         

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Source: ASEAN Briefing

Category: International News