တရုတ်နိုင်ငံ၏ ပြည်နယ်အသီးသီးရှိ အုပ်ချုပ်သူများအနေဖြင့် လယ်ယာစိုက်ပျိုးသည့်ဧရိယာများ နည်းပါးမှုမရှိစေရေးနှင့် ယခုနှစ် အတွင်း ကောက်ပဲသီးနှံရိတ်သိမ်းမှုများ လျော့နည်းမှုမရှိစေရေး သေချာ စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ၎င်း ကတိကဝတ်အား အကောင်အထည်ဖော်ရန်ပျက်ကွက်ခဲ့ပါက ရာထူးမှထုတ်ပယ်ခြင်းအပါအဝင် ပြစ်ဒဏ်ပေးမှုများပြုလုပ်မည်ဖြစ် ကြောင်း တရုတ် ဒုတိယဝန်ကြီးချုပ် Mr. Hu Chunhuaက ဇူလိုင်လ (၂၇) ရက်နေ့တွင် ဘေကျင်းမြို့၌ကျင်းပခဲ့သည့် စားနပ်ရိက္ခာ လုံခြုံရေးအစည်းအဝေး၌ သတိပေးပြောကြားခဲ့ပါသည်။
ဇူလိုင်လ (၂၂) ရက်နေ့က တရုတ်သမ္မတ၏ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိလင်ပြည်နယ်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း၌ လည်း ကောက်ပဲသီးနှံထုတ်လုပ်မှုကို ဉီးစားပေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရကို လမ်းညွှန်ခဲ့ပါသည်။
ဤကဲ့သို့ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက စားနပ်ရိက္ခာထောက်ပံ့မှုများအပေါ် အလေးအနက်မှာကြားနေမှုများ ကြောင့် ယခုနှစ်တွင် တရုတ်နိုင်ငံက စားနပ်ရိက္ခာလိုအပ်ချက်နှင့် ဆိုးဆိုးရွား ရွားရင်ဆိုင်နေရသည်လား ဟူသည့် မေးခွန်းများ ထွက်ပေါ်လာပါသည်။
ဇူလိုင်လအစောပိုင်းက တရုတ်အစိုးရ၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် China National Grain and Oils Information Centerက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြောင်းရောင်းလိုအားကွာဟချက်မှာ မက်ထရစ်တန်ချိန် (၂၅) သန်းရှိနိုင်မည်ဟု ခန့်မှန်းခဲ့ပြီး၊ (၂၀၁၉) ခုနှစ်က ရောင်းလိုအားကွာဟချက် မက်ထရစ်တန်ချိန် (၁၂) သန်းမှ နှစ်ဆကျော် ကွာဟလာခြင်းဖြစ်ပါသည်။
သြဂုတ်လ (၅) ရက်နေ့တွင် ၎င်းစင်တာမှ ထပ်မံခန့်မှန်းချက်အရ (၂၀၂၀) ခုနှစ်၊ ဇွန်လမှ (၂၀၂၁) ခုနှစ်၊ မေလအထိ ဂျုံမက်ထရစ် တန်ချိန် (၆) သန်းခန့်ကို ပြည်ပမှ တင်သွင်းရဖွယ်ရှိကြောင်းသိရပြီး၊ လွန်ခဲ့သည့် (၇) နှစ်အတွင်း အများဆုံးပမာဏဖြစ်ပါသည်။ ဂျုံများကို ပြင်သစ်၊ ရုရှ၊ လစ်သူနီးယားနှင့် ကာဇက်စတန်တို့မှ တင်သွင်းဖွယ်ရှိကြောင်းစင်တာက မှတ်ချက်ပြုထားပါသည်။
ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်း၌ တရုတ်အာဏာပိုင်များက COVID-19 ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားမှုများကြောင့် ပြည်သူများကို အိမ်၌ နေကြရန်ညွှန်ကြားခဲ့ရာ၊ ၎င်းပြည်သူများအနက် လယ်သမားများပါ ပါဝင်ခဲ့ပါသည်။ မတ်လအတွင်း တင်းကြပ်မှုများကို ပြန်လည် ဖြေလျှော့ပေးခဲ့ပြီး လယ်သမားအများစုတို့ကို လုပ်ငန်းခွင်သို့ တဖန်ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့ပါသည်။
သို့ရာတွင် ထိုသို့လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပြီး မကြာမီမှာပင် တရုတ်နိုင်ငံတစ်ဝှမ်း၌ ဇွန်လအစောပိုင်းမှစ၍ နိုင်ငံ၏ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ကာ၊ အနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသများတွင် မူ မိုးခေါင်မှုများဖြစ်ခဲ့သည့်အတွက် ကောက်ပဲသီးနှံများပျက်စီးခဲ့ရပါသည်။
စိုက်ခင်းများအပေါ် ကျိုင်းကောင်နှင့် ငမြှောင်တောင်ပိုးကျရောက်မှုများကြောင့် ပျက်စီးမှုများလည်းရှိခဲ့သောကြောင့် ယခုနှစ် အတွင်း ရိတ်သိမ်းမှုများ လျော့ကျ နိုင်ဖွယ်ရှိကြောင်း လယ်သမားများက The Epoch Timesသို့ ပြောကြားခဲ့ကြပါသည်။
ရေလွှမ်းမိုးမှုများ
တရုတ်လယ်သမားများသည် ဆန်စပါးကို ဟူနန်၊ ဟူပေ၊ ကျန်းရှီး၊ အန်းဝေ၊ ကျန်းစု၊ ကျဲ့ကျန်း၊ ချုံချင်း၊ စီချွမ်း၊ ကွေ့ကျိုး၊ ကွမ်တုန်း၊ ကွမ်ရှီး၊ ယူနန်နှင့် ဖူကျန်းတို့ အပါအဝင် ပြည်နယ် (၁၃) ခုတို့၌ စိုက်ပျိုးကြပါသည်။ ၎င်းပြည်နယ်များအားလုံးတို့မှာ ဇွန်လနှင့် ဇူလိုင်လများအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သောကြောင့် ဆိုးကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါ သည်။
တရုတ်နိုင်ငံ၌ ဆန်စပါးကို တစ်နှစ်လျှင်သုံးကြိမ်စိုက်ပျိုးကြပါသည်။ အစောပိုင်းစိုက်ပျိုးမှုအား မတ်လနှောင်းပိုင်းတွင်ပြုလုပ်ပြီး၊ ဇွန်လနှောင်းပိုင်းတွင် ရိတ်သိမ်းကြပါသည်။ ၎င်းနောက် ကြားရာသီစပါး အား မေလဆန်းတွင်စိုက်ပျိုးကာ စက်တင်ဘာလ နှောင်းပိုင်း၌ ရိတ်သိမ်းကြပါသည်။ နှောင်းပိုင်း စပါးအား ဇွန်လနှောင်းပိုင်းတွင် စိုက်ပျိုးကာ အောက်တိုဘာလလယ်တွင် ရိတ်သိမ်း ကြပါသည်။ ဇွန်နှင့် ဇူလိုင်လများအတွင်း ရေလွှမ်းမိုးမှုများက သုံးရာသီစလုံး၏ စပါးစိုက်ပျိုးမှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ ခြင်းဖြစ်ပါသည်။
မိုးခေါင်မှုများ
တရုတ်နိုင်ငံတွင် ဂျုံကို နိုင်ငံ၏အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ အဓိကစိုက်ပျိုးကာ မေလနှောင်းပိုင်းမှ ဇွန်လဆန်းပိုင်းတွင် တစ်နှစ်လျှင် တစ်ကြိမ်သာရိတ်သိမ်းပါသည်။
အကြမ်းအားဖြင့် ဟာနန်ပြည်နယ်ရှိ ဂျုံစိုက်ပျိုးမှုများမှာ တရုတ်နိုင်ငံရှိ စုစုပေါင်းစိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှု၏ လေးပုံတစ်ပုံ ခန့်ရှိပါသည်။ သို့ရာတွင် ဟာနန်၊ အတွင်းမွန်ဂိုလီးယား၊ ဂန်းဆု၊ ရှင်းကျန်း၊ ကျိလင်နှင့် အခြားမြောက်ဘက်ပိုင်းပြည်နယ်များ၌ မိုးခေါင်မှုဖြစ်ပေါ်ခဲ့သောကြောင့် ကောက်ပဲသီးနှံစိုက်ခင်းများကို ပျက်စီးစေခဲ့ပါသည်။
ပုဂ္ဂလိကပိုင် တရုတ်ကောက်ပဲသီးနှံနှင့် ဆီလက်လီဖြန့်ဖြူးရေးနေရာဖြစ်သည့် CCTIN က ဟာနန်၊ အန်းဝေနှင့် ကျင်းစုပြည်နယ် များရှိ ဂျုံစိုက်ပျိုးရာဒေသများဆီသို့ သွားရောက်ခဲ့ပြီးနောက် အစီရင်ခံ တင်ပြမှုအရ (၂၀၂၀) ခုနှစ်၍ ဂျုံအရည်အသွေးမှာ (၂၀၁၉) ခုနှစ်ကထက် ပိုမိုဆိုးရွားကြောင်း၊ ထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် (၁၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအကြား လျော့နည်းနိုင် ကြောင်း သိရပါ သည်။
အတွင်းမွန်ဂိုလီးယား၊ ဂန်းဆုနှင့် ရှင်းကျန်းဒေသများ၌ အခြေအနေ ပိုမိုဆိုးရွား လျက်ရှိပါသည်။
ယခုနှစ်အတွင်း အတွင်းမွန်ဂိုလီးယား၏ (၅၀.၇) ရာခိုင်နှုန်းသော နယ်မြေများမှာ ဆိုးရွားသည့် မိုးခေါင်မှုဒဏ်ကို ခံစားနေရ ကြောင်း၊ ၎င်းဒေသတွင် ဂျုံအဓိကစိုက်ပျိုးပြီး၊ ပဲပိစပ်နှင့် ပြောင်းတို့ကိုလည်း အများအပြားစိုက်ပျိုးကြောင်း၊ ကောက်ပဲသီးနှံများ နှင့် မြက်ရိုင်းများကို စိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် ပြည်တွင်းတိရိစ္ဆာန်မွေးမြူးရေးအပေါ် ဆိုးကျိုးသက်ရောက်လျက်ရှိကြောင်း နိုင်ငံ ပိုင်သတင်းဌာနတစ်ခု ဖြစ်သည့် ဆင်ဟွာက ဇွန်လ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
ဂန်းဆုပြည်နယ်တွင်မူ မိုးခေါင်မှုဖြစ်ပေါ်နေပြီး ယခုနှစ်တွင် အဆိုးရွားဆုံးဖြစ်ကြောင်း ၎င်းဒေသတွင်နေထိုင်သည့် လယ်သမား တစ်ဉီးက နိုင်ငံပိုင်သတင်းစာသို့ ဇွန်လ (၃) ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။
ဇူလိုင်လ (၂၇) ရက်နေ့က စင်ကျန်းပြည်နယ်မှ အမျိုးသမီးတစ်ဉီးက လူမှုကွန်ယက်ပေါ်တွင် ဗွီဒီယိုဖိုင်တစ်ဖိုင်တင်ခဲ့ပြီး နေရာအနှံ့ အပြား၌ ခြောက်သွေ့နေသည့် ဂျုံစိုက်ခင်းများကို ပြသခဲ့ပါသည်။
ထိုအချိန်အတွင်း ဇွန်လ၌ ကျိလင်နှင့် ဟေလုံကျန်းပြည်နယ်များတစ်ဝိုက် ကျိုင်းကောင်များကျရောက်ခဲ့ပြီး၊ ဇွန်လနှောင်းပိုင်း၌ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ဒေသသို့ လာအိုနိုင်ငံမှ ကျိုင်းကောင်များ စတင်ဝင်ရောက်လာကာ အခြားဒေသများသို့ ကူးစက်ပျံ့နှံ့လာလျက်ရှိပါသည်။
တရုတ်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ဇူလိုင်လ (၂၇) ရက်နေ့တွင် ယူနန်ပြည်နယ်၌ ကျိုင်းကောင်များ နှိမ်နင်းရေးလေ့ကျင့်မှုတစ်ရပ် ကျင်းပခဲ့ပါသည်။ သြဂုတ်လကုန်မတိုင်မီ လာအိုနိုင်ငံမှ ကျိုင်းကောင်များ တရုတ်နိုင်ငံသို့ ပိုမိုဝင် ရောက်လာနိုင်မည်ဟုလည်း ခန့်မှန်းထားပါသည်။
ဇွန်လအတွင်းက တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးနှင့် ဟူနန်ပြည်နယ်များတွင် ကျိုင်းကောင်အုပ်များကျရောက်ခဲ့ကာ ဇူလိုင်လ အတွင်း ရှန်တုန်း၊ အန်းဝေ၊ ကျင်းစု၊ ဟဲနန်နှင့် အခြားပြည်နယ်များရှိ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်မှု ကြောင့် စိုက်ခင်းများပျက်စီးခဲ့သည်ဟု အစီရင်ခံတင်ပြမှုများကို တွေ့ရပါသည်။
အခြားလက္ခဏာများ
တရုတ်ဈေးကွက်တွင် မကြာသေးမီက ပြောင်းလဲဖြစ်ပေါ်လာမှုများက စားနပ် ရိက္ခာလိုအပ်ချက်ရှိနေသည်ကို ညွှန်းဆိုပြသနေပါ သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းစိုက်ပျိုးရေးဆိုင်ရာကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး နေသည့် နိုင်ငံပိုင် China Agri-Industries Holdings ၏ သြဂုတ်လ (၃) ရက်နေ့တွင် ကြေငြာချက်အရ မကြာသေးမီက ဗဟို အစိုးရမှ နိုင်ငံတွင်အရန်သိုလှောင်ထားသည့်ဆန် မက်ထရစ်တန်ချိန် (၃.၆) သန်းကို ဈေးကွက်အတွင်း ဖြန့်ဖြူးခဲ့ကြောင်းနှင့် ၎င်းဆန်များမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရိတ်သိမ်းထားသည့် ဆန် များဖြစ်ကြောင်း သိရပါသည်။
တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာလုံခြုံရေးအတွက် နိုင်ငံတော်အဆင့် ကောက်ပဲ သီးနှံအရန်ထားရှိသည့်စနစ်တစ်ရပ်ရှိသော်လည်း အမှန်တကယ်မည်မျှသိုလှောင်ထားရှိ ထားသည်ဟူသည်ကို ပြည်သူများက သိရှိလိုလျက်ရှိကြပါသည်။
ထိုအတောအတွင်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်၊ သြဂုတ်လပထမပတ်အတွင်း ပြည်တွင်းကောက်ပဲသီးနှံဈေးနှုန်းများ တက် လာကြောင်း Orient Securities and Huatai Securitiesမှ ထုတ်ပြန် သည့်စာရင်းများအရ သိရပါသည်။
အထူးသဖြင့် ပဲပိစပ်ဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း မက်ထရစ် တန်တစ်တန်လျှင် ယွမ်ငွေ (၄၈၄.၈၅) သာရှိရာမှ ယခုနှစ် အလားတူကာလတွင် ယွမ်ငွေ (၆၈၂.၁၀) ရှိလာကာ (၃၇.၈၃) ရာခိုင်နှုန်း ခုန်တက်လာခြင်းဖြစ်ပါသည်။
မကြာသေးမီက တရုတ်နိုင်ငံသည် အမေရိကန်စိုက်ပျိုးရေးကုန်စည်များကို စံချိန်တင် ဝယ်ယူမှုများပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ (၂၉) ရက်နေ့တွင် အမေရိကန်ပြောင်း မက်ထရစ်တန်ချိန် (၁.၉၃၇) သန်း ကိုဝယ်ယူခဲ့ပြီး၊ ၎င်းပြောင်းများကို စက်တင်ဘာလ (၁) ရက်နေ့မှ စတင်မည့် ၂၀၂၀-၂၀၂၁ ဈေးကွက်နှစ်အတွင်းတင်သွင်းသွားမည်ဟု အမေရိကန်စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်ချက်အရ သိရပါသည်။ ဇူလိုင်လအတွင်း ဝယ်ယူမှုများကလည်း အလားတူကာလများ၏စံချိန်ကို ချိုးခဲ့ပါသည်။ ဇူလိုင်လ (၁၄) ရက်နေ့တွင် အမေရိကန်မှပြောင်းမက်ထရစ်တန်ချိန် (၁.၇၆၂) သန်းနှင့် ပဲပိစပ်မက်ထရစ်တန်ချိန် (၁၂၉,၀၀၀) ကို တရုတ်က ဝယ်ယူခဲ့ပါသေး သည်။
ဇူလိုင်လ (၁၀) ရက်နေ့တွင် အမေရိကန်မှ ပြောင်းမက်ထရစ်တန်ချိန် (၁၃၀,၀၀၀)၊ အနီရောင်ဆောင်းဂျုံ (red winter wheat) မက်ထရစ်တန်ချိန် (၁၃၀,၀၀၀) နှင့် အနီရောင်နွေဉီးဂျုံ (red spring wheat) မက်ထရစ်တန်ချိန် (၁၉၀,၀၀၀) ကို တရုတ်က မှာယူခဲ့ပါသည်။
တရုတ်နိုင်ငံတွင် ကောက်ပဲသီးနှံများကို လူသားများစားသုံးရန်၊ တိရိစ္ဆာန်အစာအဖြစ် အသုံးပြုရန်နှင့် ဝိုင်အရက်နှင့် အခြားကုန် ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုရန် ဟူသည့် အခြေခံရည်ရွယ်ချက် (၃) မျိုးဖြင့် အသုံးပြုလေ့ရှိပါသည်။
ယခုလိုအပ်ချက်မှာ ပြည်သူများစားသုံးရန်အတွက် ဆိုးဆိုးရွားရွားပူပန်ရန်မလိုဘဲ တိရိစ္ဆာန်နှင့် မွေးမြူရေးလုပ်ငန်းများတွင် အသုံး ပြုရန် အစာမရှိမည်မှာ အဓိကစိတ်ပူရကြောင်း၊ ထိုသို့ဖြစ်လာပါက ပြည်သူများ စားသုံးရန် အသားလုံလောက်စွာ ထုတ်လုပ်နိုင် မည်မဟုတ်ကြောင်း သုတေသီတစ်ဉီးဖြစ်သည့် မစ္စတာချင်က သုံးသပ်ပြောကြားထားပါသည်။
(မြန်မာနစီးပွားရေးသံမှူး၊ နန်နင်းမြို့)
ရင်းမြစ်၊ cubanreporter.net (၉-၈-၂၀၂၀) ၊ www.breitbart.com (၁၁-၈-၂၀၂၀)နှင့် joshwho.net (၉-၈-၂၀၂၀)