International News

စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ရှားနိုင်ဖို့ ကမ္ဘာ့ဓါတ်မြေဩဇာဈေးကွက်ကို စီမံခန့်ခွဲရန်လိုအပ်

Last Updated:

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း၏ နောက်ကွယ်တွင် ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ဈေးနှုန်းမတည်ငြိမ်မှု ဆက်လက်ဖြစ်ပေါ်နေ သည်ကို တွေ့ရပါသည်။ စိုက်ပျိုးရာသီစတင်တော့မည့်အချိန်တွင် ဓါတ်မြေဩဇာဈေးမြင့်နေခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်မှု တစ်ရပ်သဖွယ် ဖြစ်လာနေပါသည်။ လက်ရှိတွင် ယူကရိန်းအရေးကိစ္စကြောင့်  ကမ္ဘာတစ်ဝန်းရှိ ပြောင်းနှင့် ဂျုံတင်သွင်းသည့်နိုင်ငံများအပေါ် အများ အားဖြင့်သက်ရောက်မှုရှိနေပါသည်။ စားသောက်ကုန်အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားသည်ဓါတ်မြေဩဇာ ကို တင်သွင်းသည့် (Net importers) များဖြစ်ကြပါသည်။ ကာလရှည်ကြာ ဓါတ်မြေဩဇာဈေးနှုန်း မြင့်တက်နေခြင်းသည် ယူကရိန်းအရေးနှင့် ယှဉ်တွဲ၍ ဈေးနှုန်းမြင့်တက်မှုကို မမြင်တွေ့ရသေးသည့် ဆန်ကဲ့သို့သော အခြားသီးနှံများကိုပါ ပျံ့နှံ့သက်ရောက်လာနိုင်သဖြင့် ကာလရှည် စားနပ် ရိက္ခာအကျပ်အတည်းကို ရှောင်ရှားနိုင်ရန်အတွက် ဓါတ်မြေဩဇာကို ဈေးနှုန်းပိုမိုသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး စီမံခန့်ခွဲဆောင်ရွက်သွားရန် လိုအပ်နေကြောင်း သိရပါသည်။

ကမ္ဘာ့ဘဏ်၏ ဓါတ်မြေဩဇာဈေးနှုန်းအညွှန်းကိန်းသည် ယခုနှစ်အစောပိုင်းမှစတင်၍ (၁၅) ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး လွန်ခဲ့သော (၂) နှစ်နှင့် နှိုင်းယှဉ်လျှင် ဓါတ်မြေဩဇာဈေး (၃) ဆကျော်မြင့်တက်ခဲ့ပါသည်။ သွင်းအားစုကုန်ကျစရိတ်မြင့်မားခြင်း၊ ထောက်ပံ့ရေးကွင်းဆက် အဟန့်အတား ဖြစ်ပေါ်ခြင်းနှင့် ကုန်သွယ်မှုကန့်သတ်ချက်များကြောင့် ဓါတ်မြေဩဇာဈေးနှုန်းကို မြင့်တက်စေခဲ့ပါသည်။

လက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို လျော့ပါးသက်သာစေရေးအတွက် ဓါတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် စားသောက်ကုန်ထုတ်လုပ်မှုကို ဆက်လက်ထိန်းထားနိုင်ရေး ဆောင်ရွက်ရန်လိုအပ်နေပြီး၊ ထိုသို့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများစွာရှိနေပါသည်။

ပထမနည်းလမ်းမှာ ကမ္ဘာ့နိုင်ငံများက ဓါတ်မြေဩဇာတင်ပို့မှု ပိတ်ပင်ထားခြင်း (export bans) သို့မဟုတ် ဓါတ်မြေဩဇာကုန်သွယ်မှု ကန့်သတ် ချက်များအား ဖယ်ရှားပေးရပါမည်။ အဆိုပါ ကန့်သတ်ချက်များသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရသည့် ဝင်ငွေနိမ့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ဓါတ်မြေဩဇာဝယ်ယူရရှိနိုင်မှုကို ပို၍ဆိုးရွားစေပါသည်။ ယခုနှစ် ဇွန်လအစောပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း (၈၆) နိုင်ငံတွင် စားသောက်ကုန် နှင့် ဓါတ်မြေဩဇာတို့အပေါ် သက်ရောက်မှုရှိသည့် trade measures  အရေအတွက် (၃၁၀) ခုအထိရှိခဲ့ရာ ၎င်းတို့၏ (၄၀) ရာခိုင်နှုန်းနီးပါးသည် ကန့်သတ်ချက် (Restrictive) များဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ဓါတ်မြေဩဇာကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် ကမ္ဘာ့နိုင်ငံများအနေဖြင့် မလိုလားအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို ဖယ်ရှားခြင်း၊ လိုက်နာဆောင်ရွက်ရမှု ကုန်ကျစရိတ် (compliance costs) နှင့် နှောင့်နှေးမှု (delays) များကို လျှော့ချဖယ်ရှားပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

ဒုတိယနည်းလမ်းသည် ဓါတ်မြေဩဇာကို အကျိုးရှိ ထိရောက်စွာအသုံးပြုခြင်း (efficient use) ဖြစ်ပါသည်။ ဓါတ်မြေဩဇာအလွန်အကျွံသုံးစွဲမှု မဖြစ်ပေါ်စေရန် တောင်သူများကို သင့်တင့်သည့်မက်လုံးများပေးခြင်းဖြင့် efficient use ကို လုပ်ဆောင်နိုင်ပါသည်။ ဓါတ်မြေဩဇာကို အကျိုးရှိ ထိရောက်စွာအသုံးပြုခြင်းဖြင့် ဓါတ်မြေဩဇာလိုအပ်ချက် အများဆုံးနိုင်ငံတွေအတွက် supply ပိုမိုရရှိနိုင်စေရန် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုပါသည်။ ချမ်းသာကြွယ်ဝသည့်နိုင်ငံများသည် စိုက်ပျိုးမြေ (၁) ဟက်တာလျှင် ဓါတ်မြေဩဇာ (၁၀၀) ကီလိုဂရမ်ခန့် သုံးစွဲကြရာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အသုံးပြုမှုထက် နှစ်ဆနီးပါးရှိသည်ဟု သိရပါသည်။ Sub-Saharan Africa ဒေသသည် စိုက်ပျိုးမြေ (၁) ဟက်တာလျှင် ဓါတ်မြေဩဇာ (၁၅) ကီလိုဂရမ်ဖြင့် အနည်းဆုံးသုံးစွဲသည့် ဒေသဖြစ်ပါသည်။

တတိယနည်းလမ်းအနေဖြင့် ဓါတ်မြေဩဇာ (၁) ကီလိုအသုံးပြုမှုမှ ထွက်ရှိသည့်  သီးနှံအထွက်နှုန်းကို မြင့်မားစေသော  အလေ့အကျင့်ကောင်းများ နှင့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်စေရေး တီထွင်ဆန်းသစ်မှုများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရပါမည်။ ယင်းတွင် သီးနှံအမျိုးအစားအလိုက် အသင့်တော်ဆုံးဖြစ်မည့် ဓါတ်မြေဩဇာနှင့် အသုံးပြုရမည့်ပမာဏတို့ကို သေချာသိရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းလည်း ပါဝင်ပါသည်။ ဓါတ်မြေဩဇာအသုံးပြုရာတွင် ထိရောက်မှုအများဆုံးဖြစ်စေရေးအတွက် မြေဆီလွှာကျန်းမာရေးကို ဆောင်ရွက်ရပါမည်။ စိုက်ပျိုးသည့်သီးနှံနှင့် မြေဆီလွှာအတွက် အမှန်ကတယ်လိုအပ်သည့် ဓါတ်မြေဩဇာကို တိကျစွာသုံးစွဲနိုင်ရေး သတင်းအချက်အလက်နည်းပညာအသုံးပြု၍ စီမံခန့်ခွဲ စိုက်ပျိုးသည့်နည်းလမ်း (Precision agriculture) သည် တတိယနည်းလမ်းအတွက် ဥပမာတစ်ခုဖြစ်ပါသည်။ ဆင်ဆာဖြင့် ဓါတ်မြေဩဇာပမာဏ ကို တိုင်းတာ၍ ဓါတ်မြေဩဇာနှင့် ရေကို ပေါင်းစပ်ပေးသွင်းသည့်စနစ် (Fertigation) သည်လည်း တတိယနည်းလမ်းဖြင့်ဆောင်ရွက်သည့် ဥပမာ တစ်ခုပင်ဖြစ်ပါသည်။ လေ့လွင့်မှုအနည်းဆုံးဖြစ်စေရေးနှင့် စိုက်ပျိုးသည့်သီးနှံ၏ ဖွံ့ဖြိုးမှုအဆင့်တစ်ခုတွင် အမှန်တကယ်လိုအပ်သည့် ဓါတ်မြေဩဇာပမာဏကိုသာ သုံးစွဲတတ်စေရန်အတွက် အသိပညာဗဟုသုတများ တိုးပွားလာရေးဆောင်ရွက်ရန် လိုအပ်နေပါသည်။ အခြားနည်း လမ်းတစ်ရပ်မှာ  ဇီဝမြေဩဇာ (Bio-fertilizers) သုံးစွဲမှု အလေ့အကျင့်များဖြင့် အစားထိုးသုံးစွဲခြင်းဖြစ်ပါသည်။ ဇီဝမြေဩဇာကို အသုံးပြုခြင်းဖြင့် လက်ရှိ ဓါတ်မြေဩဇာ ထောက်ပံရေးကွင်းဆက်၏ စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်မည့်အပြင် ဓါတ်မြေဩဇာသုံးစွဲခြင်းမှ ရာသီဉတု၊ မြေဆီ လွှာနှင့် ရေအရင်းအမြစ်တို့အပေါ် သက်ရောက်မှုကို လျှော့ချနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့ဓါတ်မြေဩဇာဈေးကွက်ကို ထိန်းညှိဆောင်ရွက်နိုင်မှုသည် စားနပ်ရိက္ခာအကျပ်အတည်း၏ ပြင်းထန်မှုနှင့် ကာလရှည်ကြာမှုတို့ အပေါ် အဆုံးအဖြတ်ပေးမည့် အချက်တစ်ချက်ဖြစ်လာကြောင်း သိရပါသည်။

 

(ကျော်စိန်ဝင်း (STP) ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)

Source:   https://blogs.worldbank.org/voices/how-manage-worlds-fertilizers-avoid-prolonged-food-crisis

 

Category: International News