International News

စီးပွားရေးကို လှုံ့ဆော်နိုင်ရန် ဒုတိယအစီအမံဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူ ဒုတိယဝန်ကြီးချုပ်ပြောကြား

Last Updated:

လက်ရှိ ဖြစ်ပွားနေသော COVID - 19 ရောဂါကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက် အခဲများကို ဒုတိယအစီအမံဖြင့် ဆက်လက်ကူညီထောက်ပံ့ပေးနိုင်ရန် လွန်ခဲ့ သော ၁၀ ရက်ခန့် ကတည်းက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ၁၁ - ၃ - ၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် "ဘတ်ဂျက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ"၌ စင်ကာပူ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး    Mr Heng Swee Keat က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်းအနေဖြင့် ပါလီမန်တွင် ၂၀၂၀ ဘတ်ဂျက်နှင့်စပ်လျဉ်း၍ မိန့်ခွန်း ပြောကြားခဲ့သည့်အချိန်မှစ၍ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေတို့မှာ ပိုမိုဆိုးဝါး လာခဲ့ကြောင်းကို သိရှိကြောင်း၊ သို့ပါ၍ အစိုးရမှ နောက်ထပ်အစီအမံများဖြင့် အထောက်အပံ့ပေးနိုင်ရေး လိုအပ်လာကြောင်းကို ဝန်ကြီးချုပ်နှင့်လည်း ၁၀ - ၃ - ၂၀၂၀ ရက်နေ့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အသိပေးကြေညာခဲ့သော "စီးပွားရေးတည်ငြိမ်ရေး၊ စီးပွားရေး လုပ်ငန်းများနှင့် လုပ်သားများအား အထောက်အကူပြုရေးအစီအမံ (စင်ကာပူဒေါ်လာ ၄ ဘီလီယံ)" နှင့် ဆင်တူသည့် ဒုတိယအစီအမံကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး၊ အဓိက အားဖြင့် လုပ်သားများ၏ အလုပ်အကိုင်တည်မြဲရေးနှင့် အသေးအသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ဦးစားပေး ကူညီနိုင်ရန်ဖြစ်ကြောင်း၊ ဒုတိယအစီအမံ တွင်ပိုမိုကျယ်ပြန့်သော အစီအစဉ်များပါဝင်မည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းများက အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အစီအစဉ်များ၊ ဤအခက်အခဲကာလအတွင်း လုပ်ငန်းများရှင်တိုင်း ရပ်တည်နိုင်ရေးအတွက်သာ မဟုတ်ဘဲ နောက်ပိုင်းတွင်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန် ကူညီ ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်ပိုင်အလုပ်အကိုင်ဖြင့် ရပ်တည်ဆောင်ရွက်နေသော လုပ်သားများနှင့် လုပ်သားအင်အား လျှော့ချခြင်းခံရသော လုပ်သားများ အတွက်လည်း ကူညီပေးမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးသဘောမှာ ကဏ္ဍတစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်မှုရှိသည့်အတွက် လုပ်သားများ အလုပ်အကိုင်တည်မြဲပါက ရရှိသောဝင်ငွေဖြင့် ဝယ်ယူသုံးစွဲမှုများ ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် ဆက်စပ်ကဏ္ဍများအပေါ် ကောင်းကျိုးဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လတ်တလော ဆောင်ရွက်ခဲ့သည့် အများပြည်သူ အတွက် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်စေရေး အစီအမံ "SG Clean" ကဲ့သို့သော အစိုးရ၏ အစီအမံသည်ပင် စားသုံးသူများ၏ယုံကြည်မှုနှင့် သုံးစွဲမှုများ မြင့်တက်လာစေရေးအတွက် အထောက်အကူပြုကြောင်း၊ ဒုတိယအစီအမံအတွက်လိုအပ်ပါက ယခင်အစိုးရသက်တမ်း၏ အရန်ရန်ပုံငွေလက်ကျန်ကို သုံးစွဲသွားမည် ဖြစ်ပြီး၊ လက်ရှိအစိုးရ သက်တမ်းတွင် ဘတ်ဂျက်ပိုလျှံငွေမှာ စင်ကာပူဒေါ်လာ ၇.၇ ဘီလီယံရှိကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။  

ဆက်လက်ထောက်ပံ့ပေးသွားမည့် ဒုတိယအစီအမံသည် စင်ကာပူဒေါ်လာ ၄ ဘီလီယံ တန်ဖိုးရှိသော ပထမအစီအမံထက် တန်ဖိုးအားဖြင့် များနိုင်ကြောင်းနှင့် အထူးသဖြင့် ပထမအစီအမံတွင် ပါရှိပြီးသော အစီအစဉ်များကို ပိုမိုတိုးချဲ့ထောက်ပံ့ပေးသွားမည်ဟု ထင်မြင်ကြောင်း ပြင်ပစီးပွားရေးပညာရှင်များက သုံးသပ်ပြော ကြားကြပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: International News