ဈေးကွက်ဈေးနှုန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအွန်လိုင်းကုန်စည် ပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်သည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးဦးအေးဝင်းတို့နှင့် အတူသြဂုတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန် တွင်ရန်ကုန်မြို့ ကုန်သည်လမ်းရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (MITC)မှအွန်လိုင်းဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့်အပြည်ပြည် ဆိုင်ရာအွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့များနည်းတူ COVID-19 ကာလ အတွင်း နိုင်ငံတကာသို့ မိမိနိုင်ငံ၏အရည်အသွေးရှိထုတ်ကုန်များကို မိတ်ဆက်ပြသနိုင်ရန် နှင့်ဈေးကွက်သစ်များရှာဖွေနိုင်ရန်စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေး မူဝါဒတွင် လယ်ယာထွက်ကုန်များကိုအခြေခံအခြားစီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးပါ၀င်ပါကြောင်း၊ COVID ကာလအတွင်း မြန်မာနိုင်ငံကို စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့သော နိုင်ငံတစ်ခုဖြစ်လာရန်ကြိုးပမ်းဆောင်ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲ ပလက်ဖောင်းသည် အဓိကအခန်းကဏ္ဍမှပါ၀င်လာမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ အစီအစဉ်အရ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၊အတွင်းရေးမှူးချုပ် Mr. Wang Lei နှင့်မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့ကအသီးသီးအမှာ စကားများပြောကြားခဲ့ပါသည်။ ထိုနောက်အပြည်ပြည်ဆိုင်ရာအွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ နေပြည်တော်ရုံးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါ်ခင်သက်ထား၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်(၁)ဦးဦးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးမျိုးသူနှင့် တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

အွန်လိုင်းကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံအပါအဝင်၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ ဗြီတိန်၊ အီတလီ၊ ရှရှား၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့မှ စိတ်ပါဝင်စားသူများ ကအွန်လိုင်းမှပါဝင် တက်ရောက်ခဲ့ပါသည်။

ကုန်စည်ပြပွဲတွင်ဆန်၊ပဲမျိုးစုံ၊နှမ်း၊သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများ၊ စားသောက် ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများကို မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် ကိုရီး ယားနိုင်ငံတို့မှ ကုမ္ပဏီ(၅၀)ကျော်မှပါဝင်ပြသမည်ဖြစ်ပြီး ပြပွဲကာလအတွင်းတရုတ်၊ စင်္ကာပူ နိုင်ငံများမှကုန်သည်လုပ်ငန်းရှင်များနှင့် Business Matching များလည်းကျင်းပသွား မည်ဖြစ်သည်။

အဆိုပါ ပြပွဲသို့နိုင်ငံတကာမှဝယ်ယူသူ/လေ့လာသူအဖြစ် တက်ရောက်ရန် ကြိုတင် စာရင်း ပေးသွင်းထားသူ ၂၅၀ ကျော်ရှိကြောင်းနှင့် အွန်လိုင်းကုန်စည်ပြပွဲကို သြဂုတ်လ(၂၄) ရက်နေ့ မှ (၃၀)ရက်နေ့အထိ www.myanmarexpopark.com တွင်အခမဲ့စာရင်း ပေးသွင်း ၍ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသတင်းရရှိပါသည်။