International News

ဇန်နဝါရီလ (၁၇) ရက်နေ့မှစ၍ ဖေဖော်ဝါရီလဆန်းအထိ တရုတ်-ဗီယက်နမ် နယ်စပ် Lang Son ပြည်နယ်သို့ သစ်သီးကုန်တင်ယာဉ်များဝင်ရောက်မှုကို ရပ်ဆိုင်းထား

Last Updated:

 တရုတ်- ဗီယက်နမ် နယ်စပ်ပြည်နယ်ဖြစ်သည့် Lang Son ပြည်နယ်သည် ဇန်နဝါရီလ (၁၇) ရက်နေ့မှ ဖေဖော်ဝါရီလအစောပိုင်းအထိ သစ်သီးကုန်တင်ယာဉ်များ ဝင်ရောက်မှုကို ရပ်ဆိုင်းထားကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ ဗီယက်နမ်ဘက်မှ သစ်သီးကုန်တင်ယာဉ် (၁,၅၀၀) ကျော်တို့မှာ တရုတ်နိုင်ငံသို့ ဝင်ရောက်ရေးအတွက် အကောက်ခွန်ရှင်းလင်းမှုပြီးစီးရန် နယ်စပ်၌ တန်းစီစောင့်ဆိုင်းနေရဆဲ ဖြစ်ပါသည်။

တစ်နေ့လျှင် အကောက်ခွန်ရှင်းလင်းမှုဆောင်ရွက်နိုင်သည့် ကုန်တင်ယာဉ်အစီးရေမှာ (၈၀) မှ (၁၀၀) ကြားတွင်သာရှိပြီး၊ ၎င်းကုန်တင်ယာဉ်များအနက် (၇၀) ရာခိုင် နှုန်းမှာ သစ်သီးများတင်ဆောင်ထားသည်ဟု သိရပါသည်။ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းစာရင်းအရ Huu Nghi ၊ Tan Thanh နှင့် Chi Ma နယ်စပ်ဂိတ် (၃) ဂိတ် တွင် ကုန်တင်ယာဉ် (၁,၅၄၈) စီး တန်းစီထားဆဲဖြစ်ကာ၊ ထက်ဝက်ခန့်မှာ သစ်သီးများတင်ဆောင်ထားပါသည်။  ၎င်းယာဉ်အားလုံးကို စစ်ဆေးရန် လဝက်ခန့်ကြာမြင့် မည်ဟု  Lang Son ပြည်နယ်အစိုးရက ခန့်မှန်းထားပါသည်။

ထို့ကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း Lang Son အစိုးရက နယ်စပ်ဂိတ်များသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းမပြုသင့်သေးကြောင်း ဗီယက်နမ်နိုင်ငံတစ်ဝှမ်းသို့ အကြံပြုခဲ့သော်လည်း နေ့စဉ်ကုန်တင်ယာဉ်အစီးရေ (၁၀၀) ခန့်ဝင်ရောက်နေသေးသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ဗီယက်နမ် အကောက်ခွန်ဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ပထမ (၁၁) လအတွင်း တရုတ်နိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၇၅) ဘီလီယံရရှိခဲ့ကာ၊ ယခင်နှစ်ကထက် (၃.၆) ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း သိရပါသည်။ ၎င်းကာလအတွင်း တရုတ်နိုင်ငံ၏ ဈေးကွက်မှာ ဗီယက်နမ်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့သည့်ဈေးကွက်၏ (၅၄) ရာခိုင်နှုန်းခန့် ရှိခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ vnexpress (၁၂-၁-၂၀၂၂)

Category: International News