ဈေးကွက်ဈေးနှုန်း

တပါတ်အတွင်းမတ်ပဲဈေးနှုန်းအပြောင်းအလဲ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း တစ်တင်းလျှင် ကျပ် ၃၀၀၀၀ အထက်ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ဌာန၊ နိုင်ငံခြားရေးရာအထွေထွေညွှန်ကြားမှုဦးစီးဌာနက ၃.၃.၂၀၂၀ ရက်နေ့တွင် မတ်ပဲတန်ချိန် ၂.၅ သိန်း တင်သွင်းခွင့်ပြုသည့်ကာလကို ယခင် ၃၁.၃.၂၀၂၀ မှ ၃၀.၄.၂၀၂၀ ထိတိုးမြှင့်သတ်မှတ်လိုက်သော်လည်း ဒေါ်လာဈေးနှုန်းဆက်တိုက်ကျဆင်းမှုကြောင့် ဒေသတွင်းမတ်ပဲ ဈေးနှုန်းသည်လည်း ကျဆင်းလာခဲ့ပါသည်။

ယခင်သီတင်းပတ်ကာလအတွင်း မြန်မာငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁၄၀၀ ကျော်ရှိရာမှ ၉.၃.၂၀၂၀ ရက်နေ့တွင် ကျပ်ငွေ ၁၃၆၅ ကျော်ရှိခဲ့ပြီး မတ်ပဲဈေးနှုန်းသည်လည်း ယခင်သီတင်းပတ် ကာလတွင် တစ်တင်းဈေးနှုန်း ၃၀၇၀၀ ဝန်းကျင်ရှိခဲ့ရာမှ ၉.၃.၂၀၂၀ ရက်နေ့ဈေးနှုန်း ၂၇၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းခဲ့ပါသည်။

၁၀.၃.၂၀၂၀ ရက်နေ့တွင် ဒေါ်လာဈေးသည် မြန်မာကျပ်ငွေ ၁၃၃၆ ဝန်းကျင်ထိ ဆက်လက်ကျဆင်း ချိန်တွင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၂၇၀၀၀ ဝန်းကျင်နှင့် ဓနုဖြူမြို့နယ်တွင် ၂၆၆၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းခဲ့ပါသည်။ ၁၀.၃.၂၀၂၀ ရက်နေ့ညနေပိုင်းတွင် ဒေါ်လာငွေလဲလှယ်နှုန်း ၁၃၅၅ ကျပ်သို့ ပြန်လည်ရောက်ရှိလာပြီး ညနေပိုင်းမတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ၂၈၀၀၀ ကျပ်သို့ပြန်လည် ရောက်ရှိခဲ့ ပါသည်။

မတ်ပဲတင်သွင်းခွင့်ပြုသည့်ကာလကို တစ်လတာရွှေ့ဆိုင်းသတ်မှတ်ပေးခဲ့သဖြင့် မတ်ပဲဈေးပြန်တက်လာရမည်ဖြစ်သော်လည်း ဒေါ်လာငွေလဲလှယ်နှုန်းမတည်ငြိမ်မှုကြောင့် ဈေးနှုန်းအကျဘက်သို့သာ ဦးတည်ခဲ့ ကြောင်းသိရှိရပါသည်။