International News

တရားမဝင်တောရိုင်းတိရိစ္ဆာန်ကုန်သွယ်ရေးကို တားမြစ်လိုက်ပြီး နိုင်ငံတော်အဆင့်အခမ်းအနားနှစ်ရပ်ကို နေ့ရက်ရွှေ့ဆိုင်းထားသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသားများ၏ ဘဝနှင့် ကျန်းမာရေးစိတ်ချလုံခြုံစေရန် တောရိုင်းတိရိစ္ဆာန်များအား စားသုံးသည့် အလေ့အထဆိုးအားဖယ်ရှားပြီး၊ တရားမဝင် တောရိုင်း တိရိစ္ဆာန်ကုန်သွယ်ရေးအား ထိရောက်နှံ့စပ်စွာတားမြစ်ရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၃) ကြိမ် မြောက် နိုင်ငံတော်အဆင့်အမျိုးသားညီလာခံ၌ အတည်ပြုခဲ့ပါသည်။ ထိုကဲ့သို့ဆုံးဖြတ်ရခြင်း၏ ရည်ရွယ်ချက်များမှာ တောရိုင်းတိရိစ္ဆာန်များကို စားသုံးသည့် အလေ့ အထအား အချိန်ကိုက် လုံးဝပိတ်ပင်တားဆီးရန်၊ တောရိုင်းတိရိစ္ဆာန်များအား တရားမဝင်ကုန်သွယ်ခြင်းအပေါ် နှိမ်နင်း ရန်နှင့် ဆက်နွယ်သည့် ဉပဒေများကို ပြင်ဆင်ခြင်းမပြုမီ ပြည်သူများ၏ ဘဝများနှင့် ကျန်းမာရေးကို ကာကွယ်ရေးနှင့် ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုအား တိုက်ဖျက်ရာတွင် အောင်မြင်ရေးအတွက် ခိုင်မာသည့် ဉပဒေပြုအာမခံပေးရန်တို့ဖြစ်ပါသည်။

ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ကိုရိုနာကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကို ဟန့်တား ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်နေစဉ်အတွင်း တောရိုင်းတိရိစ္ဆာန်ကုန်သွယ်ရေး အား တစ်နိုင်ငံလုံးဆိုင်းငံ့ထားကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့ပါသည်။

ကိုရိုနာကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး နှစ်စဉ်ကျင်းပနေကျ နိုင်ငံရေးဆိုင်ရာအခမ်းအနားနှစ်ရပ်ကို ခေတ္တရွှေ့ဆိုင်းထားရပြီး ကျင်းပမည့် နေ့ရက်ကို ဆုံးဖြတ်ခြင်းမပြုရသေးကြောင်း ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံ၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းအခမ်းအနား (၂) ရပ်မှာ အမျိုးသားပြည်သူ့ညီလာခံ၏ နှစ်စဉ်မျက်နှာစုံညီအစည်းအဝေးနှင့် တရုတ်ပြည်သူ့နိုင်ငံရေးဆိုင်ရာအတိုင်ပင်ခံညီလာခံ၏ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး တို့ ဖြစ်ကြပါသည်။

အစဉ်အလာအားဖြင့် CPPCC အမျိုးသားအဆင့်ညီလာခံကို နှစ်စဉ် မတ်လ (၃) ရက်နေ့တွင်လည်းကောင်း၊ အမျိုးသားပြည်သူ့ညီလာခံ၏ နှစ်စဉ်အစည်းအဝေးကို မတ်လ (၅) ရက်နေ့တွင်လည်းကောင်း ကျင်းပကာ ဉပဒေပြုသူ (၃၀၀၀) ခန့်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်ပေါင်း (၂၂၀၀) ခန့်က ဘေကျင်းမြို့တော်သို့ လာရောက် စုဝေးကြလေ့ရှိပါသည်။

သို့ရာတွင် လက်ရှိအချိန်ကာလမှာ ကိုရိုနာကူးစက်ကပ်ရောဂါကို တိုက်ဖျက်နေသည့် အရေးအကြီးဆုံးအချိန်ကာလဖြစ်နေသဖြင့် ထိပ်တန်းဉပဒေပြုပုဂ္ဂိုလ်များနှင့် နိုင်ငံရေးရာ အကြံပေးပုဂ္ဂိုလ်များမှာ ရှေ့တန်းမှ အလုပ်လုပ်ကိုင်နေကြသည့်အတွက် အခမ်းအနားများ ကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အစည်း အဝေးများ စတင်မည့် နေ့ရက်များကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ CCTV (၂၅-၂-၂၀၂၀)

Category: International News