International News

တရုတ်နိုင်ငံက ကုန်သွယ်မှု ပိတ်ပင်တားဆီးလိုက်ခြင်းကြောင့် ဩစတြေးလျ မုယောစပါး တင်ပို့သူများက ဘီယာထုတ်လုပ်သည့်နိုင်ငံဈေးကွက်များ ရှာဖွေလျက်ရှိခြင်း

Last Updated:

သြစတြေးလျ မုယောစပါးတင်ပို့သူများသည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပိတ်ပင်မှုမှ နှစ်နှစ်ကြာပြီးနောက် ၎င်းတို့၏ မုယောစပါး အတွက် အလားအလာရှိသော စျေးကွက်သစ်များအဖြစ် ဘီယာထုတ်လုပ်သည့် နိုင်ငံများကို ရှာဖွေလျက်ရှိကြောင်း ABC သတင်းက ရေးသားဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် သြစတြေးလျမုယောစပါးအပေါ် တန်ပြန်စုပုံတင်သွင်းခွန် ၈၀%  စည်းကြပ်ရန် ချမှတ်ခဲ့ပြီး ကုန်သွယ်မှုကို ထိထိရောက်ရောက် အဆုံးသတ်ခဲ့သည်။

ကောက်ပဲသီးနှံစိုက်ပျိုးသူများအသင်း၏ ကုန်သွယ်မှုမူဝါဒမန်နေဂျာ Amelia Shaw က သီးနှံစိုက်ပျိုးသူများက တရုတ်နိုင်ငံသို့ ဈေးကွက်ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့သည့်အချိန်မှစ၍ မုယောစပါးကို တိရိစ္ဆာန်အစာဈေးကွက်များသို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ ယခုအခါ ပရီမီယံဈေးနှုန်း ထပ်မံရှာဖွေနေကြောင်း၊  ဘီယာအတွက် သင့်တော်သည့် အရည်အသွေးကောင်းမွန်သော မုယောစပါးကို ထုတ်လုပ် ပြီး၊ အသုံးပြုလိုသည့် စျေးကွက်များကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ Amelia Shaw က တရုတ်နိုင်ငံနှင့် ဈေးကွက်မှာ ည တွင်းချင်းပြီးဆုံးခဲ့ရသော်လည်း ပို့ကုန်ဈေးကွက်အသစ်များ ထူထောင်ရန်အတွက် အချိန်ပေးရကြောင်း၊ တရုတ်ဘီယာထုတ်လုပ်မှု လုပ်ငန်းကဏ္ဍမှာ ဩစတြေးလျမုယောစပါး၏ အရည်အသွေးကို သေချာသိရှိပြီးဖြစ်ရာ ဘီယာထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် များစွာသင့်တော်သည်ကို သိရှိကြောင်းပြောကြားခဲ့သည်။

ယခုအခါ ဩစတြေးလျမုယောစပါး ထုတ်လုပ်မှုကဏ္ဍသည် အခြားဘီယာထုတ်လုပ်သည့်နိုင်ငံများသို့ ကူးပြောင်းနေပြီဖြစ်ပြီး၊ အာဖရိ ကနိုင်ငံအချို့သည် အလားအလာရှိသော အခွင့်အလမ်းများစွာရှိနေကြောင်း သိရှိရသည်။ ယမန်နှစ်မှစတင်၍ မက္ကဆီကိုနိုင်ငံသို့ မုယောစပါးများ တင်ပို့လျက်ရှိသော်လည်း ဆုံးရှုံးသွားသည့် တရုတ်နိုင်ငံဈေးကွက်တင်ပို့မှုကို အစားထိုးနိုင်ရန် ဈေးကွက်များ ထပ်မံ ရှာဖွေရန် လိုအပ်နေသေးကြောင်း သိရှိရသည်။

အစဉ်အလာအားဖြင့် ဘီယာထုတ်လုပ်ရန်အတွက် မုယောစပါးမှာ  ပရီမီယံစျေးနှုန်းရှိပြီး၊ တိရိစ္ဆာန်အစာအတွက် ဈေးနှုန်းမှာ လျော့ နည်းသော်လည်း တိရိစ္ဆာန်အစာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းလာကြောင်း သိရှိရသည်။ ဈေးနှုန်းခြားနားချက်မရှိသည့်အတွက် မုယောစပါးစိုက်ပျိုးသူများအတွက် သတင်းကောင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အစား အစာနှင့် မုယောစပါးဈေးသည် တူညီနေသော်လည်း အနာဂတ်တွင် ပရီမီယံစျေးနှုန်းကို မြှင့်တင်ရန်အတွက် လုပ်ငန်းကဏ္ဍအနေဖြင့် ဘီယာဈေးကွက်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ဩစတြေးလျမုယောစပါးတင်သွင်းမှုအပေါ် ထုတ်လုပ်မှုကုန်ကျစရိတ်အောက် သက်သာသောနှုန်းထားဖြင့် တင် သွင်းကြောင်း စွပ်စွဲချက်ဖြင့် တန်ပြန်စုပုံတင်သွင်းခွန်ကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် စတင်စည်းကြပ်ကောက်ခံခဲ့မှုအပေါ် ဩစတြေး လျနိုင်ငံက ငြင်းဆိုခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံသို့ ဖြေရှင်းပေးရန် တင်ပြတောင်းဆိုခဲ့သည်။  (၂) နှစ်အကြာတွင် အငြင်းပွားမှုဖြေရှင်းရန်အတွက် ခုံရုံးတစ်ရပ်ဖွဲ့ စည်းခဲ့ပြီး၊ ပထမဆုံးအကြိမ် ကြားနာမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: International News