International News

တရုတ်နိုင်ငံ၏ စီးပွားရေး မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာသည်ဟု ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့ခြင်း

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလျက်ရှိသော်လည်း ၂၀၂၀ပြည့်နှစ်၊ ဒုတိယလေးလပတ်တာကာလအတွင်းတရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည် တိုးတက်မှုနှုန်း မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ တရုတ်နိုင်ငံဆိုင်ရာဒါရိုက်တာဖြစ်သူမှပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးတက်ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးစီးပွားရေး ဆိုင်ရာ အခွင့်အလမ်းအစီရင်ခံစာ၌ ဖော်ပြထားသည့်မျှော်မှန်းချက်ထက်ပိုမိုမြင့်မားကြောင်း၊ တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၆.၈)ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း ဒုတိယလေးလပတ်တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃.၂) ရာခိုင်နှုန်း ပြန်လည် တိုးတက်လာခဲ့ကြောင်း၊ နိုင်ငံအတွင်း COVID-19 ရောဂါထိန်းချုပ်မှုများ ဆောင်ရွက်သကဲ့သို့ စက်ရုံများအနေဖြင့် ထုတ်လုပ်မှုများတိုးမြှင့် ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုလုပ်ငန်း များမှ ထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ် ၊ ကာလတူထက် (၄.၄) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်း ဘဏ္ဍာငွေကြေး၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများစသည့် အညွှန်းကိန်းများတစ်စထက်တစ်စ ပြန်လည်ဉီးမော့လာပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ တုန့်ပြန်မှုများမူဝါဒများအား သိသာထင်ရှားစွာအချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် အကျိုးကျေးဇူးများရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများမဖြစ်ပေါ်စေရန် နိုင်ငံအနေဖြင့် ဘဏ္ဍာငွေပိုမို အသုံးပြုခြင်း၊ အခွန် အကောက်များ သက်သာခွင့်ပြုခြင်း၊ ဌားရမ်းခများ ဖြတ်တောက်ပေးခြင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ခြင်းခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူလာနိုင်စေရန်နှင့် အလုပ်အကိုင်ရရှိမှုအပေါ် အထောက်အကူဖြစ်စေရန် လိုအပ်သည့် လုပ်ဆောင်ချက် များအား ဘဏ်များမှ လိုက်ပါဆောင်ရွက်ခြင်းစသည့် စီမံဆောင်ရွက်မှုများအား လုပ်ဆောင်လျက်ရှိကြောင်း၊ ဈေးကွက်ခိုင်မာစေရန်နှင့် ယှဉ်ပြိုင်မှု ရရှိစေရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် ထုတ်လုပ်မှုအား ပြန်လည်တိုးတက်စေရန် လှုံ့ဆော်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်ဟု သိရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဖွင့်လှစ်ပေးရန်၊ နိုင်ငံများ အနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါအား ထိရောက်စွာ ကုသနိုင်ရေးနှင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ကျဆင်းမှု့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအပေါ် သက်ရောက်လာနိုင်မှုများ လျော့ပါးသက်သာသွားစေမည့်နည်းလမ်းများ ဆက်လက်လုပ် ဆောင်သွားရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ Martin Raiser မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်း)

Source: https://www.globaltimes.cn/content/1196756.shtml

Category: International News