Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်နှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

နေပြည်တော်၊ ဇန်နဝါရီ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ စားသောက်ကုန်နှင့်လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ ကြာသပတေး နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစားအသောက်တင်ပို့သည့် လုပ်ငန်းများမှတ်ပုံတင်မည့်ကိစ္စနှင့် ထောက်ခံ ချက်ပေးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက တက်ရောက်၍ အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာ ခရီးသွားများ အနေဖြင့် Quarantine နေထိုင်ရန် မလိုအပ်တော့ကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကိုဗစ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာမူဝါဒအဖြစ် တရုတ်နိုင်ငံ၏ National Health Commission မှ ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါမူဝါဒ ထုတ်ပြန်ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့သည့် အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာချက် အမှတ် ၁၃၁ ကို ထုတ်ပြန်ခဲ့ ကြောင်းပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ ထုတ်လုပ် တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်လုပ်ငန်းဆောင်ရွက် လိုပါက China Import Food  Enterprise Registration System(CIFER) တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးတော့မည် မဟုတ်ဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) ၏ Department of Animal and Plant Quarantine မှ စားသောက်ကုန်အမည်များ တင်ပို့မှုအတွက် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ တင်ပို့မည့်နိုင်ငံများမှ တရားဝင်သတ်မှတ်ထားသော ဌာနများမှ အီမေးလ်(သို့မဟုတ်)စာဖြင့် သော်လည်းကောင်း၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံး၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက နေသော်လည်းကောင်း၊ တင်ပြရန်ဖြစ်ပြီး ဆက်သွယ်ရန် အီမေးလ် လည်း ပေးထားပါကြောင်း ပြောကြားပါသည်။

ယနေ့အစည်းအဝေးတွင် အဓိကဆွေးနွေးပြောကြားလိုသည့်  အကြောင်းအရင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်   အဖွဲ့(GACC)၏ ပြောင်းလဲ ဆောင်ရွက်ချက်များကို  သက်ဆိုင်ရာဌာနများ၊  မြန်မာပို့ကုန် လုပ်ငန်းရှင်များ သိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြရခြင်းဖြစ်ပါကြောင်း၊  မကြာမီ ကာလမှာလည်း ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ဖို့ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စီးပွားရေးသံမှူး(၃)ဦး၊ ဟောင်ကောင်သို့(၁)ဦး စေလွှတ်တာဝန်ပေး အပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ အားလုံးက လည်း စားသောက်ကုန်နှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်ရေးဆိုင်ရာကိစ္စများ အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ်မှုပမာဏတိုးတက် ရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြပါရန် ပြောကြားပါသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ခံချက် ပေးရေး အာဏာပိုင်အဖွဲ့အစည်း များ ( Competent Authority) ဖြစ်သည့်  စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးစမ်းသပ်မှု လုပ်ငန်းလီမိတက်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင် အသင်းများမှတာဝန်ရှိသူများ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ( ၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

 

 

 

Category: Local News