စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း ( Training in Chinese Language Proficiency ) ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ ( MOI ) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် နေပြည်တော်ရှိ Jasmine Palace Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ နေပြည်တော်ရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ယူနန်ပြည်နယ် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ ကူညီပံ့ပိုးမှုနှင့် တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်း (ပထမအဆင့်)ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ဖွင့်လှစ်သင် ကြားခဲ့ကြောင်း၊ သင်တန်းသား အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၃၅)ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းသားအားလုံး ပထမအဆင့် Level 1 ကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းကို အဆင့်အလိုက် ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဟွာချောင်တက္ကသိုလ်နှင့် ယူနန်ပြည်နယ် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့အကြား သုံးဦးသုံးဖလှယ်ပါဝင်သည့် ရည်ရွယ်ချက်စာချွန်လွှာကို ယနေ့လက်မှတ်ရေးထိုးနိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ နေပြည်တော်ရုံး၊ ညွှန်ကြားရေးမှူး Mr. Zhang Zhong Hua မှ အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်ဟွာချောင်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာယူနန်ပြည်နယ်ကုန်သွယ်သွယ်ရေးကိုယ်စားလှယ်ရုံးတို့အကြား ရည်ရွယ်ချက်စာချွန်လွှာ(MOI) အား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
အဆိုပါရည်ရွယ်ချက်စာချွန်လွှာအရ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း Level 2 မှ Level 4 အထိ ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးစီမံကိန်းများ၊ စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအား အပြန်အလှန် ကျင်းပဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ Silk Road Chinese Government Scholarship ကို ဟွာချောင်တက္ကသိုလ်တွင် တက်ရောက်နိုင်ရေးလည်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကုန်သွယ်မှုဆက်ဆံရေးများကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ( Myantrade )