International News

တောင်အာဖရိကနိုင်ငံ၏ ကြက်ငှက်မွေးမြူရေးလုပ်ငန်းသည် ၂၀၂၂ ခုနှစ်အတွင်း အခက်အခဲများ ဖြင့်ရင်ဆိုင်နေရမည်ဖြစ်ကြောင်းခန့်မှန်းထားခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ ပြည်တွင်း ကြက်ငှက်မွေးမြူရေးလုပ်ကိုင်နေသူများအတွက် ၂၀၂၂ ခုနစ်တွင် စားသုံးသူနည်းပါးခြင်း၊ ကြက်ငှက်အစားအစာဈေးနှုန်း မြင့်တက် ခြင်းနှင့် ကြက်ငှက်ရောဂါဖြစ်ပွားနိုင်မှုများသည် စိန်ခေါ်မှုများဖြစ်နိုင်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများသည် ကြက်ငှက်မွေးမြူရေးလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်သူများ အတွက် အခက်အခဲများဖြင့် ဆက်လက်ရပ်တည်ရမည့် အခြေအနေဖြစ်ကြောင်း၊ မွေးမြူရေးအတွက်ကုန်ကျစရိတ်များအပြင် ရေနှင့် လျှပ်စစ်မီးရရှိမှု အခက်အခဲများသည် လည်းထုတ်လုပ်မှုအတွက် အတားအဆီးများဖြစ်စေကြောင်းသိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ ကြက်ငှက်မွေးမြူရေးအဖွဲ့အစည်း၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Izaak Breitenbach က ကြက်ငှက်လုပ်ငန်းသည် ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွား၍ lockdwon ကန့်သတ်ချက်များချမှတ်ခဲ့ရမှုကြောင့် စားသုံးမှုလျော့နည်းကာ အဆိုပါလုပ်ငန်းကို ထိခိုက်ခဲ့ကြောင်း၊ သို့သော် တောင်အာဖရိက ကြက်ဉထုတ်လုပ်မှုအဖွဲ့အစည်းက လာမည့် ၁၀ နှစ်အတွင်း ကြက်ဉတစ်နှစ်စားသုံးမှုသည် တစ်ဉီးလျှင် ၁၅၉ လုံးမှ ၂၀၂ လုံးအထိ မြင့်တက်နိုင်ရန် ခန့်မှန်းကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးမှုတိုးတက်နိုင်သဖြင့် ပိုမိုထုတ်လုပ်နိုင်မည့် အခြေအနေဖြစ်ကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းဈေးကွက်တိုးမြင့်ရန်သာမက အာဖရိကတိုက် လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူညီချက်နှင့် တောင်ပိုင်းအာဖရိကဈေးကွက် သဘောတူညီချက်များကို အသုံးပြု၍ ပြည်ပဈေးကွက် တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ကြက်မွေးမြူရေးလုပ်ငန်းအတွက် စိန်ခေါ်မှုသည် ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားမှုဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရောဂါဖြစ်ပွားမှုသည် အဆိုပါ လုပ်ငန်း ပြန်လည်ကောင်းမွန်ရန် ၃ နှစ်ကြာခဲ့ကြောင်း၊ လက်ရှိတွင် ပြည်တွင်းစားသုံးမှုအတွက် တစ်ပတ်လျှင် ကြက်ငှက်ကောင်ရေ ၂၀.၅ သန်းထုတ်လုပ်ရလျှက်ရှိပြီး ၂၀၂၂ ခုနှစ်ကုန်မတိုင်မီ တစ်ပတ်လျှင်  ကောင်ရေ ၂၁.၅ သန်းအထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၂ ခုနှစ်ဇန်နဝါရီလမှစတင်၍ အမျိုးသားအဆင့် ကြက် အမကောင်ရေ ၂၇ သန်းအထိ မွေးမြူနိုင်ရေး မျှော်မှန်းထားကြောင်း၊ ပြည်တွင်းမွေးမြူရေးသမားများအနေဖြင့် မွေးမြူရေးအတွက် လိုအပ်သော အခြေခံပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုသည် စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း၊ အဓိကအားဖြင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုသည် ဈေးနှုန်းကြီးမြင့်စေသော အချက်ဖြစ်ကြောင်း၊ ကြက်ဉ ထုတ်လုပ်သူများအတွက် တိရစ္ဆာန်အစားအစာ ဈေးနှုန်းမြင့်တက်မှုသည် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း၊ သီးနှံခန့်မှန်းရေးကော်မတီက ယခုနှစ်တွင် ပြောင်းသီးနှံ ၂.၇ သန်းဟက်တာစိုက်ပျိုးနိုင်ရန် ခန့်မှန်းထားပြီး စိုက်ပျိုးမှုအတွက် ရာသီဉတုကောင်းမွန်ပါက ပြောင်းတန်ချိန် ၁၅ သန်းအထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ ထို့အပြင် ပဲပုတ်ပဲထုတ်လုပ်မှုသည်လည်း တန်ချိန် ၂ သန်းအထိ အမြင့်ဆုံးထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.farmersweekly.co.za/agri-news/south-africa/poultry-industry-in-for-a-rough-ride-in-2022/

Category: International News