International News

တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများမှ သွင်းကုန်များအား အိန္ဒိယအစိုးရက ပိုမိုစိစစ်ဖွယ်ရာရှိခြင်း

Last Updated:

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အခြားနိုင်ငံများမှတစ်ဆင့် တင်သွင်းမှု ပြုလုပ်လာနိုင်မည့်အခြေအနေကို တားဆီးနိုင်ရန်အတွက် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများမှ ကုန်စည်တင်သွင်းမှုများအား မြန်ဆန်စွာနောက်ကြောင်းခြေရာခံနိုင် မည့် အကောက်ခွန်ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

Economic Times သတင်းဌာနက အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် လွတ်လပ်စွာကုန်သွယ်မှု သဘော တူ စာချုပ်များအား အလွဲအသုံးပြုခြင်း ရှိ/ မရှိကို စစ်ဆေးရန်အတွက် အကောက်ခွန်အရာရှိများအား လုပ်ပိုင်ခွင့်အပ်နှင်းရေးနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် ဆက်စပ်လျက်ရှိသည့် နည်းဥပဒေပြဌာန်းချက်များကို ပြင်ဆင်ချမှတ်ပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာရပ်ခံခဲ့ကြောင်း၊ အဆိုပါဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ၎င်းတို့အနေဖြင့် တတိယကြားခံနိုင်ငံများမှ တင်သွင်းလာ မည့် သံသယဖြစ်ဖွယ်ရာ ကုန်စည်တင်သွင်းမှုများကို တင်းကျပ်စွာစစ်ဆေးဆောင်ရွက်မည်ဖြစ်သည်ဟု ပြောကြားကြောင်း၊ ယခု အခါ ၎င်းနည်းဥပဒေ လုပ်ထုံးလုပ်နည်းများအား အတည်ပြုပြဌာန်းနိုင်ရန်  သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၏ ယခုနှစ်ဘဏ္ဍာရေးဥပဒေ၌ ကုန်သွယ်မှုသဘောတူညီချက်များအောက်ရှိ ပင်ရင်းနိုင်ငံစည်းမျဉ်းအား စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အခန်းအသစ်တစ်ရပ်ကို ထည့်သွင်းထားရှိရာ အထောက်အထားများမပြည့်စုံခြင်း၊ အချက်အလက်များအား အတည် ပြုနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက ပေးအပ်ထားသည့် အကောက်ခွန်ကင်းလွတ်မှုအခွင့်အရေးအား ငြင်းပယ်ခြင်း သို့မဟုတ် ဆိုင်းငံ့ ခြင်းတို့ကို လုပ်ဆောင်နိုင်သည့် အခွင့်အာဏာအား ဌာနအဖွဲ့အစည်းတစ်ရပ်ရပ်သို့ အစိုးရကအပ်နှင်းခွင့်ရှိပါသည်။

အိန္ဒိယနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများနှင့် ဒေသတွင်းလွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် များအား လက်မှတ်ရေးထိုးထားသည့်အပြင် အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံအချို့နှင့် နှစ်နိုင်ငံကုန်သွယ်မှုစာချုပ်များ လက်မှတ် ရေးထိုးထားရှိရာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယားနှင့် အာဆီယံဒေသတွင်းနိုင်ငံများမှ တင်သွင်းလာမည့် ကုန်စည်များ မှာ ပိုမိုစိစစ်မှုခံရဖွယ်ရှိကြောင်း Economic Times သတင်းဌာနက ရေးသားဖော်ပြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         India-China tussle: Government seeks stricter checks on Sri Lanka, Bangladesh, South Korea, Asean imports, 6 Jul 2020, Economic Times

Category: International News