International News

ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးအသင်းအနေဖြင့် ကုန်းလမ်းမှ ပြည်ပတင်ပို့မှုကျဆင်းမည်ဟု မျှော်မှန်းလျှက်ရှိ

Last Updated:

ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးအသင်း The Land Transport of Thailand (LTFT) မှ ကိုရိုနာဗိုင်းရပ်စ် Covid-19ကြောင့် ကမ္ဘာ တစ်လွှားရှိ အမှာစာများ လျှော့ကျခဲ့ရပြီး ပြည်ပသင်္ဘောတင်ပို့မှုများ ဆက်လက်ကျဆင်းမည်ဟု မျှော်မှန်းထားပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့ သည့်အစားအစာနှင့်ကုန်ပစ္စည်းများသည် စုစုပေါင်း တင်ပို့မှု၏ (၂၀-၂၁%) ရှိကြောင်း၊ အထူးသဖြင့် အစားအစာတင်ပို့မှုသည် ပိုမိုထိခိုက်လိမ့်မည်ဟု အသင်းအနေဖြင့် စိုးရိမ်လျှက်ရှိကြောင်း၊ ဗိုင်းရပ်စ်ကြောင့် မြို့ကြီးအများအပြားအနေဖြင့် ရောဂါမကူးစက်စေရန် သီးခြားခွဲခြားထားရှိ ဆောင်ရွက်ခြင်း (Quarantine) ပြုလုပ် လျှက်ရှိနေပါသည်။

ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးအသင်း The Land Transport of Thailand (LTFT) ဉက္ကဌ၏ အကြံပေး Thingyoo Kongkhan က ထိုင်းနိုင်ငံမှ တရုတ် နိုင်ငံသို့ အစားအစာနှင့် ကုန်ပစ္စည်းတင်ပို့မှုသည် စုစုပေါင်းပြည်ပတင်ပို့မှု၏ (၂၀-၂၁%)ရှိကြောင်း၊ ၎င်းတို့အနက်အများစုကို ဗီယက်နမ်မြောက်ပိုင်း နယ်စပ်ခရီးမှ တင်ပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကျဆင်းသွားပြီဖြစ်သော်လည်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန် အချိန်ယူရဉီးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Mr.Thongyoo က တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပြည်ပတင်ပို့မှု နှေးကွေးကျဆင်းနေသဖြင့်  ထရပ်ကားမောင်းသူများအနေဖြင့် အလုပ်လက်မဲ့ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးအသင်း The Land Transport of Thailand (LTFT)သို့ မှတ်ပုံတင်ထားသည့်ယာဉ်မောင်း (၁.၄)သန်းရှိကြောင်း နှင့် ၎င်းတို့ အနက်(၂၀-၂၅%)မှာ လုပ်စရာအလုပ်မရှိကြောင်း၊ အချို့ကုမ္ပဏီများမှာ ၎င်းတို့ကို လစာပေးရန် မတတ်နိုင်ကြောင်း Mr. Thongyoo ကပြောကြားခဲ့ ပါသည်။

Mr. Thongyoo ကတရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ လောင်ဂန်သီး၊ နဂါးမောက်သီးနှင့် ဒူးရင်းသီးစသည့်လတ်ဆပ်သော သစ်သီးများကို အများဆုံးတင်သွင်း ကြောင်း၊ ၎င်းတို့ကို အအေးခန်းကားများနှင့်တင်ပို့ကြောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုကြောင့် စီးပွားရေးလုပ်ငန်းများ အပေါ် အချိုးအစားမမျှတစွာထိခိုက်စေမည် ဖြစ်ကြောင်း  ၎င်းကပြောကြားခဲ့ပါသည်။

၂၀၂၀ခုနှစ် ဒုတိယ(၃)လပတ်သည် ထိုင်းသစ်သီးဝလံများအတွက် အမြင့်ဆုံး လ ရာသီ ဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရန်ခက်ခဲနေကြောင်း ၎င်းကပြောကြားခဲ့ ပါသည်။ Mr. Thongyoo က အသင်းအနေဖြင့် လူအများမှ စိုးရိမ်ထိတ်လန့်စိတ်ဖြင့် ဝယ်ယူမှုကြောင့် အစားအစာနှင့်လယ်ယာထွက်ကုန် ပစ္စည်းများ ပြတ်လပ်မှုအပေါ် အသင်းအနေဖြင့် မစိုးရိမ်ကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံမှာ ကမ္ဘာပေါ်ရှိနိုင်ငံအများအပြားအတွက် လယ်ယာထွက်ကုန်ပစ္စည်းများ အဓိက စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့တွင် မိမိနိုင်ငံသားများ အတွက် စားနပ် ရိက္ခာ အလုံအလောက်ရှိကြောင်း၊ သို့ရာတွင် ပြည်ပတင်ပို့မှုမှာမူ ပြဿနာဖြစ်ကြောင်း Mr. Thongyoo ကပြောကြားခဲ့ပါသည်။

ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးအသင်း The Land Transport of Thailand (LTFT)အနေဖြင့် အစိုးရကို ဗိုင်းရပ်စ်ဖြစ်ပေါ်မှုကြောင့် အလုပ်လက်မဲ့များ မြင့်တက်လာမှုအပေါ် ထရပ်ကားမောင်းသူများ၏ လူနေမှုဘဝနှင့် ထရပ်ကားလုပ်ငန်းများအပေါ် ထောက်ပံ့ကူညီပေးရန် တောင်းဆိုလျှက် ရှိပါသည်။ ထိုင်းစက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ Supant Mongkolsuthree ကထိုင်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ်သည် အကျပ် အတည်းကြောင့် အခက်အခဲများ(သို့မဟုတ်) စားနပ်ရိက္ခာပြတ်တောက်မှု များနှင့်ရင်ဆိုင်ရဖွယ်မရှိဟု ပြောကြားခဲ့ပါသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် လူအများအား သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကြောင့် စားနပ်ရိက္ခာပြတ်တောက်မှုအပေါ် စိုးရိမ်ကြ ခြင်းမရှိစေရန်တိုက်တွန်းခဲ့ကြောင်း၊ ထိုင်းစားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းဈေးကွက်အတွက် စားသောက်ကုန်များအား လုံလောက်စွာ ထုတ်လုပ်နိုင်ကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                             

Category: International News