International News

ထိုင်းနိုင်ငံ၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသုံးစွဲမှု လျှော့ချစေရေး တွန်းအားပေး လုပ်ဆောင်ရန်အတွက် အခွန်ဆိုင်ရာ မက်လုံးပေးဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းသုံးစွဲမှုများ လျော့ကျလာစေရေးအတွက် ၂၀၁၈ခုနှစ်တွင်မူဝါဒချမှတ်လုပ်ဆောင်ခဲ့သော်လည်းကိုဗစ်-၁၉ ကပ်‌ရောဂါကြောင့် နှောင့်နှေးခဲ့ရ၍ ယခုအခါ အခွန်လျှော့ပေါ့သက်သာခွင့်ပေးခြင်းနည်းလမ်းဖြင့် ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း “Tax Incentives to Encourage Reduction in Plastic Usage” ခေါင်းစဉ်ဖြင့် Bangkok Post သတင်းမီဒီယာ၌ ၁၀-၁-၂၀၂၃ ရက်နေ့တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် စွန့်ပစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု၌ ဘက်တီးရီးယားပိုးဖြင့် ဆွေးမြည့်ပျက်စီးလွယ်စေသောအရာဝတ္ထုများပါဝင်သည့် ကုန်ပစ္စည်း (Biodegradable Plastic Product) များအား ပိုမိုသုံးစွဲစေရေး တွန်းအားပေး လုပ်ဆောင်ရန်အတွက် ကော်ပိုရိတ်ဝင်ငွေခွန် လျှော့ပေါ့သက်သာခွင့်ပြုပေးမှုအစီအစဉ် (Corporate Income Tax Reduction Programme) သစ်တစ်ရပ်ကို အသုံးပြုလျက် ရှိပါသည်။

ကော်ပိုရိတ်ဝင်ငွေခွန်လျှော့ပေါ့ပေးသည့် ပမာဏမှာ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အကြား ဆွေးမြည့်ပျက်စီးလွယ်စေသောအရာဝတ္ထုများ ပါဝင်သည့်ကုန်ပစ္စည်း (Biodegradable Plastic Product) များ ဝယ်ယူသော ကုမ္ပဏီများမှ ဝယ်ယူမှု၏ ၂၅ ရာခိုင်နှုန်းခန့်ကို အခွန်‌လျှော့ပေါ့ သက်သာခွင့်ပေးခြင်းဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Suriya Jungrugreangkit က ပြောကြားခဲ့ပါသည်။

အဆိုပါကြိုးပမ်းလုပ်ဆောင်မှုသည် ထိုင်းနိုင်ငံ၏ BCG စီးပွားရေး မော်ဒယ် (Bio-, Circular and Green-BCG) ကိုလည်း အထောက်အကူပြုရာရောက်ပါသည်။

BCG စီးပွားရေးမော်ဒယ်ဆိုသည်မှာ ဝန်ကြီးချုပ် Mr. Prayut Chan-o-cha ဦးဆောင်သည့်အစိုးရ၏ တရားဝင်ကြေညာထားသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသော (သို့မဟုတ်) မရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များတိုးချဲ့ ထုတ်လုပ်နိုင်မည့် နည်းပညာများ အသုံးပြုသွားရေးအတွက် ကုန်ထုတ်လုပ်သူများအား တွန်းအားပေးရေးဆိုင်ရာ အမျိုးသားရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။

Mr. Suriya ၏ ပြောကြားချက်အရ အခွန်လျှော့ပေါ့သက်သာခွင့်ပေးခြင်းသည် တစ်ဦးချင်းသုံးစွဲမှုအပါအဝင် ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ အစိုးရအနေဖြင့် အကူအညီပေးရန် ရည်မှန်းချက်တစ်ခုဖြစ်ကြောင်း၊ အစိုးရမှ အဓိကပစ်မှတ်ထားရှိသည့် ကုမ္ပဏီများစွာအနက် အထူးသဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်း ပမာဏများပြားစွာ အသုံးပြုသည့် ကုန်တိုက်ပိုင်ရှင်များ (Shopping Mall Operators)နှင့် လက်လီဖြန့်ချိသူများ (Retailers) အား အဓိကထားပါသည်။

အဆိုပါ အခွန်လျှော့ပေါ့သက်သာခွင့်ပြုမည့်အစီအစဉ်သို့ ပါဝင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးဌာန (Industry Ministry) မှ တရားဝင်ထုတ်ပြန်ထားသော ဆွေးမြည့်ပျက်စီး လွယ်စေသောအရာဝတ္ထုများပါဝင်သည့် ကုန်ပစ္စည်း (Biodegradable Plastic Product) ထုတ်လုပ်သူများထံမှ ဝယ်ယူရမည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ ကုမ္ပဏီ ၇ ခုအား တရားဝင် အသိအမှတ်ပြုထားပြီး ဆွေးမြည့်ပျက်စီးလွယ်စေသော အရာဝတ္ထုများပါဝင်သည့် ကုန်ပစ္စည်း (Biodegradable Plastic Product) အမျိုးမျိုးအပေါ် လိုင်စင်ခွင့်ပြုထားရှိမှုမှာ ၇၂ ခုရှိကြောင်း၊ အဆိုပါကုန်ပစ္စည်းများမှာ ပလတ်စတစ်ပြွန် (Plastic Tube) များ၊ ပလတ်စတစ်အမှိုက် အိတ် (Plastic Garbage Bag) များ၊ တစ်ဦးချင်း သုံးပလတ်စတစ်အိတ် (Single-use Plastic Bag) များနှင့် ပလတ်စတစ်ဇစ်ပိတ်အိတ် (Plastic Ziplock Bag) တို့ပါဝင်သည်။

လေထုညစ်ညမ်းမှုကြီးကြပ်ထိန်းချုပ်ရေးဌာန(Pollution Control Department) ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်ရှိ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသော စွန့်ပစ်ပစ္စည်းထုတ်လုပ်သည့် အဆိုးဝါးဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ပါဝင်သည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် ပလတ်စတစ်စွန့်ပစ်ပစ္စည်းခန့်မှန်းခြေ တန် ၂ သန်းခန့်ထုတ်လုပ်မှုရှိပြီး ၎င်းတို့အနက် ၂၅ရာခိုင်နှုန်းကိုသာ ပြန်လည်သုံးစွဲမှု ပြုလုပ်နိုင်သည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက တစ်ဦးချင်းသုံး ပလတ်စတစ်အိတ်များကို ကန့်သတ်တားမြစ်ရန် မူဝါဒတစ်ခုကို စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပြီး ၁-၁-၂၀၂၀ ရက်နေ့မှစ၍ လက်လီ‌ရောင်းချသူများအနေဖြင့် ဈေးဝယ်သူများကို ပလတ်စတစ်အိတ် အသုံးမပြုရန် မေတ္တာရပ်ခံခြင်းဖြင့် စတင်ခဲ့သည်။

သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်ကာလ Lockdown ပြုလုပ်မှုကြောင့် အဆိုပါစည်းရုံးလှုံ့ဆော်မှုကို ထိခိုက်ခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် အစား အသောက်များ အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးရသည့် ဝန်ဆောင်မှုများအား ပလတ်စတစ်အိတ် ပိုမိုလိုအပ်လာစေသည့် Work-from-Home လမ်းညွှန်ချက်များကြောင့်လည်းဖြစ်သည်။

ဆွေးမြည့်ပျက်စီးလွယ်စေသော အရာဝတ္ထုများပါဝင်သည့် ပစ္စည်း (Biodegradable Plastic Material) များအား ဖွံ့ဖြိုးတိုးတက်လာစေမှုသည် ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ်မတိုင်မီ အာဆီယံ၏ ဇီဝဗဟိုချက် (Bio Hub) တစ်ခုဖြစ်လာစေရန် ကြိုးပမ်းလုပ်ဆောင်မည့် အစိုးရ၏စီမံချက်နှင့်အညီ ဇီဝ ဓါတုဗေဒနှင့် ဇီဝဆေးဝါးထုတ် လုပ်မှုဆိုင်ရာ နည်းပညာများနှင့် တွဲစပ်အသုံးပြုနိုင်ရေးဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Category: International News