International News

နိုင်ငံခြားသားအလုပ်သမားများအတွက် ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးဗီဇာကို တစ်နိုင်ငံလျှင် ၁၀၀၀ ဦးနှုန်းဖြင့် ကန့်သတ်နိုင်ခြင်း

Last Updated:

သြစတြေးလျနိုင်ငံ၏ ဗီဇာအစီအစဉ်အသစ်တစ်ခုဖြစ်သည့် စိုက်ပျိုးမွေးမြူရေးဗီဇာသည် ကနဦးတွင် တစ်နိုင်ငံလျှင် လူဦးရေ ၁၀၀၀ ဖြင့် ကန့်သတ်ထားနိုင်သော်လည်း နောင်တွင် ယင်းအရေအတွက်၏ ၁၀ ဆခန့်ခေါ်ယူနိုင်ရန် မျှော်မှန်းထားကြောင်း ABC သတင်းက ရေးသားဖော်ပြထားသည်။

ဩစတြေးလျ- ဗြိတိန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသဘောတူစာချုပ် စေ့စပ်ညှိနှိုင်းရာတွင် ဗြိတိန်မှ ဩစတြေးလျ လယ်ယာခြံမြေ များတွင် လာရောက်လုပ်ကိုင်သည့် Backpacker များအတွက် ဗီဇာသက်တမ်းတိုးရန် လိုအပ်ချက်ကိုဖယ်ရှားရန် တောင်းဆိုပြီး နောက် ယခု စိုက်ပျိုးမွေးမြူရေးဗီဇာ အစီအစဉ်အသစ်ကို ဩစတြေးလျအစိုးရက ကတိပြုခဲ့ခြင်းဖြစ်သည်။ ကပ်ရောဂါမဖြစ်ပွားမီ သြစတြေးလျလယ်သမားများသည် နှစ်စဉ် ဗြိတိန်မှ Backpacker ၁၀,၀၀၀ ဦး၏လုပ်အားကို မှီခိုနေရလျက်ရှိပြီး၊ စိုက်ပျိုးရေးဝန်ကြီး David Littleproud က မည်သည့်အစီအစဉ်အသစ်မဆို လုပ်သားအင်အားအစားထိုးနိုင်မှုကို သေချာစေရမည်ဟု ပြောကြားခဲ့သည်။

သို့သော် ယခုအချိန်ထိ သြစတြေးလျနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဗီဇာအစီအစဉ်တွင် ပါဝင်ရန် မည်သည့်နိုင်ငံမှ လက်မှတ်ရေးထိုးထား ခြင်းမရှိသေးကြောင်း သိရှိရသည်။ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (Department of Foreign Affairs and Trade-DFAT) မှ တာဝန်ရှိသူများက ဗီဇာအစီအစဉ်တွင်ပါဝင်ရန် အင်ဒိုနီးရှားနိုင်ငံနှင့် နှစ်ဖက်ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီး၊ မကြာမီအပြီး သတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျအစိုးရ၏ ဦးစားပေးမှာ လက်ရှိ ပစိဖိတ်- ဩစတြေးလျ လုပ်သားရွေ့ပြောင်းမှု (Pacific Australia Labour Mobility -PALM) အစီအစဉ်အရ လယ်ယာလုပ်သားများခေါ်ယူရန် ဖြစ်သည်။ ပစိဖိတ်လုပ်သားအစီအစဉ်သည် ဦးစားပေးအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး၊ ယခု စိုက်ပျိုးမွေးမြူရေးဗီဇာ အစီအစဉ်အသစ်အရ ကန့်သတ်ချက်ဖြင့် ခေါ်ယူမည့် အရေအတွက်မှာ လုပ်သား ၂၀,၀၀၀ ကျော်ရှိ PALM အစီအစဉ်အရခေါ်ယူသည့် အရေအတွက်အောက် လျော့နည်းမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရသည် စိုက်ပျိုးမွေးမြူရေးဗီဇာကို အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကနဦးအနေဖြင့် ဝန်ထမ်းအစုအဝေးငယ်တစ်စုကို ခေါ်ယူနိုင်ရန် အလုပ်ရှင်အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် အတွင်း ဗီဇာအစီအစဉ်ကို မတိုးချဲ့မီ စနစ်နှင့် လုပ်ငန်းစဉ်များကို စမ်းသပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဗီဇာအစီအစဉ်တွင် ပါဝင်မည့် အလုပ်ရှင်များအတွက် အရည်အချင်းပြည့်မီမှု စံသတ်မှတ်ချက်များကို ဧပြီလတွင် ဆုံးဖြတ်မည်ဟု မျှော်မှန်းထားသည်။ အလုပ်ရှင်များ အတည်ပြုပြီးသည်နှင့် ၎င်းတို့သည် အလုပ်သမားအတွက် ဗီဇာနှင့် ခရီးသွားလာခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အတည်ပြု (DFAT-approved) နေရာထိုင်ခင်းကို ကမ်း လှမ်းရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးမွေးမြူရေးဗီဇာသည် ပန်းမန်လ်၊ နို့ထွက်ပစ္စည်း၊ သိုးမွှေး၊ အစေ့အဆံများ၊ ငါးဖမ်းလုပ်ငန်း၊ သစ်တောနှင့် အသားထုတ်လုပ် သည့် လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများ အကျုံးဝင်မည်ဖြစ်သည်။ ဗီဇာအစီအစဉ်တွင် ကျွမ်းကျင်မှုရှိသော၊ ကျွမ်းကျင်မှုတစ်ဝက် တစ်ပျက်သာရှိသော ၊ ကျွမ်းကျင်မှုနည်းသော အလုပ်သမားများ အကျုံးဝင်မည်ဖြစ်သော်လည်း ကျွမ်းကျင်မှုလိုအပ်ချက်နည်းသော အလုပ်အကိုင်များဖြင့် စတင်မည်ဖြစ်ကြောင်းနှင့် (၃) နှစ်အကြာတွင် အမြဲတမ်းနေထိုင်ခွင့်ကိုပါ ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရှိရ သည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News