International News

ပြည်တွင်းရှိ ဂျပန်စက်မှုမြို့များ၌ ပိုမိုရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အိန္ဒိယအစိုးရက ဖိတ်ခေါ်

Last Updated:

အိန္ဒိယနိုင်ငံ၌ တည်ထောင်ဆောင်ရွက်လျက်ရှိသော ဂျပန်စက်မှုကုန်ထုတ်မြို့များတွင် ပိုမိုရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့် အခြေအနေ နှင့် အခွင့်အလမ်းများကို ရှင်းလင်းပြသလျက် ဂျပန်လုပ်ငန်းရှင်များမှ ပါဝင်လုပ်ကိုင်ရန် အိန္ဒိယအစိုးရက ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံအစိုးရများအကြား ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယ-ဂျပန် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် သဘောတူညီချက်အရ အိန္ဒိယနိုင်ငံအတွင်း ဒေလီ-မွန်ဘိုင်း စက်မှုစင်္ကြန်နှင့် ချန်နိုင်း-ဘန်ဂယ်လူရု စက်မှုစင်္ကြန်တို့ တစ်လျှောက်တွင် ဂျပန်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို အထူးပြုဆောင်ရွက်သော ဂျပန်စက်မှုလုပ်ငန်းမြို့များအား တည်ထောင်လုပ်ကိုင်လျက်ရှိပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၁၄-၂-၂၀၂၂ နေ့၌ သတင်းထုတ်ပြန်ရာတွင် အဆိုပါ ဂျပန်စက်မှု လုပ်ငန်းမြို့များအား တည်ထောင်လုပ်ကိုင်မှုနှင့်စပ်လျဉ်း၍  တိုးတက်မှုအခြေအနေ သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို ထိုနေ့တွင် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း၊ အိန္ဒိယဘက်မှ ပြည်ပရေးရာဝန်ကြီးဌာနနှင့် စက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန် သွယ်မှုဦးစီးဌာန (DPIIT) တို့မှ ကိုယ်စားလှယ်များ၊ ဂျပန်ဘက်မှ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံရှိ ဂျပန် သံရုံးနှင့် JETRO အသင်းတို့မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးပွဲ၌ အိန္ဒိယနိုင်ငံဘက်မှ ကုန်ထုတ်လုပ်ငန်း ကဏ္ဍ ၁၄ ခုအတွက် ထုတ်လုပ်မှုမြှင့်တင်ရေး ချိတ်ဆက်အားပေးဆွဲဆောင်မှု (PLI) အစီအစဉ်ကို ချမှတ်ဆောင်ရွက်မှု၊ ၎င်းအစီအစဉ် ၌ ပါဝင်လုပ်ကိုင်မည့် ဂျပန်ကုမ္ပဏီများ၏ အဆိုပြုလွှာများအပေါ် ခွင့်ပြုချက်ပေးအပ်ဆောင်ရွက်မှု၊ ဂျပန်လုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံလုပ်ကိုင်မှု လွယ်ကူ‌စေရေးအတွက် အမျိုးသားအဆင့် တစ်ခုတည်းသော ပြတင်းပေါက်စနစ် (National Single Window System) ကို ဗဟိုအဆင့်ဝန်ကြီးဌာန ၂၀ ခုနှင့် ပြည်နယ်/ ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့ ၁၄ ခုတို့ဖြင့် ထူထောင်ဆောင်ရွက်ထား ရှိမှုနှင့် အခြေခံအဆောက်အုံများ တည်ထောင်ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ ဂျပန်စက်မှုလုပ်ငန်းမြို့များ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ လျှပ်စစ်မော်တော်ယာဉ်၊ ဒရုန်း၊ ရိုဘော့တစ်၊ ချည်မျှင်နှင့်အထည်အလိပ် စသည့်ကဏ္ဍများသည် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိပြီး ဂျပန်ကုမ္ပဏီများအနေဖြင့် ပါဝင်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့‌ကြောင်း၊ ဂျပန်နိုင်ငံဘက်မှလည်း အိန္ဒိယ-ဂျပန် နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် စက်မှုလုပ်ငန်း မိတ်ဖက်လုပ်ကိုင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်းဖြင့် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံရှိ ဂျပန်စက်မှုလုပ်ငန်းမြို့များ၌ ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုကိုမြှင့်တင်ရန်အတွက် ဘာသာပြန်ဆို ဝန်ဆောင်မှုပေးခြင်း၊ အရန်သင့်အသုံးပြုနိုင်သော ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံများထောက်ပံ့ခြင်း၊ နေအိမ်နှင့် ရုံး အဆောက်အဦပိုင်းဆိုင်ရာပံ့ပိုးခြင်း စသည်တို့ကို သီးသန့်စီစဉ်ပေးထားခြင်းဖြစ်ပါသည်။

လက်ရှိကာလတွင် ၎င်းစက်မှုမြို့များ၌ Daikin, Isuzu, Kobelco, Yamaha Music နှင့် Hitachi Automotive တို့ကဲ့သို့သော အထင်ကရလုပ်ငန်းများအပါအဝင် ဂျပန်ကုမ္ပဏီပေါင်း ၁၁၄ ခုက ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး ရာဂျပ်စတန်ပြည်နယ်ရှိ နီမရာနာ မြို့နှင့် အန္တရာပရာဒေ့ရှ်ပြည်နယ်ရှိ ဆီရီမြို့များတွင် အများဆုံးအခြေပြုကြောင်း၊ ဂျပန်နိုင်ငံသည် အိန္ဒိယ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံ မှု အများဆုံးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှစတင်၍ လက်ရှိကာလအထိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၆.၂ ဘီလီယံကျော်ရှိကြောင်း၊ ဂျပန်ကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်၊ အီလက်ထရွန်းနစ်၊ ဆေးပစ္စည်းကိရိယာ၊ လူသုံးကုန်၊ အထည် အလိပ်၊ စားသောက်ကုန်နှင့် ဓာတုပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖော်ပြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         India’s DPIIT and Japan’s METI jointly review the progress under Japanese Industrial Townships in India, 14-2-2022, Press Information Bureau of India

Category: International News