International News

ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ Brexit အလွန် ကုန်သွယ်ရေးဆွေးနွေးမှုများ စတင်ခဲ့ခြင်း

Last Updated:

ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား post-Brexit ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အသစ်တစ်ရပ်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ကို ပြီးခဲ့သည့် အင်္ဂါနေ့ (၅-၅-၂၀၂၀) နေ့တွင် စတင်ခဲ့ကြောင်း၊ ဗြိတိန်၏ နိုင်ငံတကာကုန်သွယ်ရေးအတွင်းဝန် Liz Truss နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer တို့သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပွဲမှတစ်ဆင့် ကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို စတင်ခဲ့ကြခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံအစိုးရက ပြောကြားခဲ့ကြောင်း၊ ပထမအသုတ်ဆွေးနွေးမှုများသည် ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်နိုင်ပြီး၊ တစ်ဖက်လျှင် စေ့စပ်ညှိနှိုင်း ဆွေးနွေးသူဦးရေ (၁၀၀) ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲများတွင် ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် SMEs လုပ်ငန်းများအား ထောက်ပံ့ပေးခြင်းတို့ အပါအဝင် ဗြိတိန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှု ရည်ရွယ်ချက်များတွင် ချမှတ်ထားသည့် နယ်ပယ်များအားလုံး ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမှာ စတာလင်ပေါင် ၂၂၀.၉ ဘီလီယံ (ယူရို ၂၅၃ ဘီလီယံ)ရှိပြီး၊ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ဗြိတိန်နိုင်ငံမှ ပို့ကုန်ပမာဏ ၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု အစိုးရအစီရင်ခံစာအရ သိရှိရပါသည်။

မိမိတို့၏ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းအသစ်များ ဖွင့်လှစ်ပေးနိုင်၍  ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာပြီး နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များဖန်တီးပေးနိုင်မည့် ရည်မှန်းချက်ကြီးမားသော သဘောတူညီချက်တစ်ရပ်ကို ရရှိလိုသည်ဟု Liz Truss က ပြောကြားခဲ့ကြောင်း၊ ကုန်သွယ်ရေးသဘောတူညီချက်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၈ ခုနှစ်ပမာဏနှင့် နှိုင်းယှဉ်ပါက ကာလရှည်တွင် စတာလင်ပေါင် ၁၅.၃ ဘီလီယံဖြင့် တိုးတက်လိုခြင်းဖြစ်ကြောင်း၊ ပထမအသုတ် ဆွေနွေးပွဲများအပြီးတွင် နောက်ထပ်ညှိနှိုင်းဆွေးနွေးမှုများကို (၆) ပတ်လျှင်တစ်ကြိမ်ခန့် ကျင်းပသွားရန် စီစဉ်ထား ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏  ၅-၅-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရသိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

Category: International News