International News

ဘယ်လ်ဂျီယံ လုံခြုံရေးကောင်စီမှ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ထပ်တိုးကန့်သတ်ချက်များချမှတ်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုများ အလျင်အမြန်တိုးတက်များပြားလာခြင်းကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံသည် ထပ်ဆောင်းကန့်သတ်ချက်များကို ချမှတ်သွားမည်ဟု ဝန်ကြီးချုပ် Sophie Wilmes က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နိုင်ငံ အတွင်း၌ အခြေအနေများသည် လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေပြီး၊ လက်ရှိအချိန်တွင် ဆေးရုံတက်ရောက်သူနှင့် သေဆုံးသူဦးရေတို့နှင့် ပတ်သက်၍ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင်ရှိသော်လည်း အဆိုပါအရေအတွက်မှာတိုးလာနိုင်သည်ကို သိရှိထားပြီးဖြစ်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ နောက်တစ်ကြိမ် အသွားအလာကန့်သတ်မှု (full lockdown) ကို ရှောင်လွှဲနိုင်ရေးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၉-၇-၂၀၂၀ နေ့မှစတင်၍ အနည်းဆုံးရက်သတ္တပတ် (၄) ပတ်အထိ လူမှုရေးအရစုဝေး တွေ့ဆုံမှု (social bubbles) ကို အိမ်ထောင်စုတစ်ခုလျှင် အများဆုံး (၅)ဦးသို့ လျှော့ချသွားမည် ဖြစ်ပြီး၊ ယင်းတွင် အသက် (၁၂) နှစ်အောက်အရွယ် ကလေးငယ်များ မပါဝင်ကြောင်း၊ ထိုသို့တွေ့ဆုံ ရာတွင် သတ်မှတ်အကွာအဝေးအတိုင်းဖြစ်ရန်နှင့် လိုအပ်ပါက နှာခေါင်းစည်းများကို ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ မိသားစုများ၊ မိတ်ဆွေများနှင့် မိတ်ဆုံ စားပွဲများပြုလုပ်ခြင်း၊ ခရီးထွက်ခြင်း၊  ဧည့်ခံပွဲ များ၊ မင်္ဂလာဆောင်များကဲ့သို့သော အခမ်းအနားများအတွက် လူဦးရေကို (၁၀) ဦး ကန့်သတ်ထား ကြောင်း၊ လက်ရှိခွင့်ပြုထားသည့် Outdoor event များအတွက် လူအရေအတွက် (၄၀၀) ဦးကို (၂၀၀) ဦးသို့လည်းကောင်း၊ Indoor event များအတွက် ခွင့်ပြုအရေအတွက် (၂၀၀) ဦးမှ (၁၀၀) ဦးသို့ လည်းကောင်း လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေအိမ်မှတစ်ဆင့်လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း (teleworking) ကို အကြံပြုထားပြီး၊ ဈေးဝယ်ခြင်းအတွက် အကူအညီလိုအပ်သူများမှအပ တစ်ဦးတည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဈေးဆိုင်များတွင် အများဆုံးကြာမြင့်ချိန် မိနစ် (၃၀) အထိသာခွင့်ပြုမည်ဖြစ်ပြီး၊ ထိတွေ့မှုခြေရာ ခံခြင်းအတွက် လွယ်ကူစေရန် အဝင်/အထွက် မှတ်ပုံတင်ခြင်းနှင့် ဆက်သွယ်ရန် Contact details များထားရှိစေခြင်းလိုအပ်ချက်များကို တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ အန့်တ်ဝပ် ဒေသအတွက်မူ ယင်း၏အရေးပေါ်အခြေအနေအရ သီးခြားအစီအမံများဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို မိမိတို့ မထိန်းချုပ်နိုင်ပါက မိမိတို့အားလုံး၏ ကျဆုံးမှု ဖြစ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Sophie Wilmes က ပြောကြားခဲ့သည်။

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်၊ ၂၇-၇-၂၀၂၀)

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News