International News

ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်အစီအမံများ ပြန်လည်တင်းကျပ်ဖွယ်ရှိ

Last Updated:

အမျိုးသားလုံခြုံရေးကောင်စီ၏ အစည်းအဝေးအပြီးတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ COVID-19 ဆိုင်ရာ ကန့်သတ်ချက်အစီအမံများအား  ပြန်လည် တင်းကျပ်သွားဖွယ်ရှိနေကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ကျန်းမာရေးဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး  Maggie De Block ကပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်အစီအမံများအား အဆင့်အလိုက် ပြန်လည်ဖြေလျှော့ပေးလျက်ရှိရာ လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် ဖြေလျှော့ရန် စီစဉ်ထားသည့် အစီအမံများအား ဖြေလျှော့ပေးမည်မဟုတ်ကြောင်း၊ ယင်းသို့ဖြေလျှော့မည့်အစား နိုင်ငံ အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ကန့်သတ်ချက်အစီအမံများကို တင်းကျပ်သွားနိုင်ရေး ဆွေးနွေး​လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကောင်စီမှ ကြေညာခြင်းမရှိသေးမီတွင် ယင်းမှာ တရားဝင်ဆုံးဖြတ်ချက်မဟုတ်သေးကြောင်း သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိကာလအတွင်း ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်မှု ပျမ်းမျှနှုန်းထားမှာ တစ်ရက်လျှင် ၁၈၄ ဦးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း ပျမ်းမျှနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၇.၆ ဦးနှင့်နှိုင်းယှဉ်ပါက (၈၉) ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ တင်းကျပ်မည့် အစီအမံများတွင် နှာခေါင်းစည်းများအား မဖြစ်မနေတပ်ဆင် ရမည့် အများပြည်သူဆိုင်ရာနေရာများစာရင်းကို ထပ်တိုးနိုင်ကြောင်း၊ ဒေသဆိုင်ရာအဆင့်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ်ချက်များကို သက်ဆိုင်ရာမြို့တော်ဝန်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း Maggie De Block က ပြောကြားခဲ့သည်။

ညမထွက်ရအမိန့်များထုတ်ပြန်ခြင်း၊ လူစုလူဝေးပြုလုပ်မှုကို တားမြစ်ခြင်း၊ ဈေးဆိုင်များနှင့် အားကစားရုံများကို ပိတ်ထားစေခြင်း၊ ပြင်ပဈေးများ ဖွင့်လှစ်မှုကို ရုတ်သိမ်းစေခြင်းစသည်တို့ အပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေးအစီအမံများချမှတ်ခွင့်ကို မြို့တော်ဝန်များအားခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရမည့် နေရာများသတ်မှတ်ခြင်းကိုလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အသွားအလာကန့်သတ်မှုများ (local lockdowns) ပြုလုပ်ရန် ဖြစ်နိုင်ဖွယ်ရှိသော်လည်း နောက်ဆုံးအဆင့်အနေဖြင့်သာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ဘားများအတွက် ထပ်တိုးကန့်သတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်သွားဖွယ်မရှိသော်လည်း ပုံမှန်ပိတ်ချိန် ထက်စော၍ပိတ်ရနိုင်ကြောင်း သိရသည်။

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -   (ဘရပ်ဆဲလ်တိုင်းမ်)

 

Category: International News