International News

ဘရာဇီးလ်နိုင်ငံရှိ ပြည်နယ်အချို့တွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ

Last Updated:

ဘရာဇီးလ်နိုင်ငံ၏ ဒေသအချို့တွင် မိုးခေါင်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးလျက်ရှိရာ Santa Catarina ပြည်နယ်တွင် ယခင်နှစ်ကတည်းက မိုးခေါင်မှုဒဏ် ခံစားခဲ့ရသဖြင့် ပြောင်း၊ ပဲပုတ်စေ့နှင့် ပဲသီးနှံစိုက်ခင်းများ အဓိကပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုး ၃.၇ ဘီလီယံကျော် ဆုံးရှုံးနစ်နာခဲ့ကြောင်း သုတေသနတွေ့ရှိချက်များအား ဘရာဇီးလ်နိုင်ငံ အသုံးချစီးပွားရေးသုတေသနဌာန (Epagri/ Cepa) က သတင်းထုတ်ပြန်ခဲ့သည်။

အသုံးချစီးပွားရေးသုတေသနဌာန၏ အချက်အလက်များအရ ပြည်နယ်အတွင်းရှိ ပဲပုတ်စေ့စိုက်ခင်းဧရိယာ၏ ၂၁.၆ ရာခိုင်နှုန်းပျက်ဆီးမှုကြောင့် ပဲပုတ်စေ့တန်ချိန် ၅၅၁,၆၀၀ တန်ခန့် ဆုံးရှုံးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဟဲရာ ၁.၅ ဘီလီယံပမာဏရှိကြောင်း၊ ပြည်နယ်၏ နှစ်စဉ် ပဲပုတ်စေ့ထွက်ရှိမှုမှာ တန်ချိန် ၂ သန်းကျော်ရှိ ကြောင်း သုတေသနပညာရှင် Haroldo Tavares Elias က ပြောကြားခဲ့သည်။

မိုးခေါင်မှုကြောင့် Santa Catarina ပြည်နယ်ရှိ ပြောင်းသီးနှံစိုက်ခင်းဧရိယာ၏ ၃၄.၅ ရာခိုင်နှုန်းပျက်ဆီးခဲ့ပြီး ပြောင်းတန်ချိန် ၉၃၆,၂၀၀ တန်ဆုံးရှုံးခဲ့သဖြင့် တန်ဖိုးဟဲရာ ၁.၄ ဘီလီယံကျော် ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ ပြည်နယ်မှ နှစ်စဉ် ပြောင်းတန်ချိန် ၂.၇ သန်း စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း Haroldo ကပြောကြားခဲ့သည်။

ပြည်နယ်၏ ပြောင်းစေ့ထွက်ရှိမှုကျဆင်ခြင်းကြောင့် အစာကုန်ကြမ်းဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ပြီး ပြည်နယ်အတွင်းရှိ ကြက်နှင့် ဝက်မွေးမြူရေးလုပ်ငန်းများ အပေါ် အကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ Santa Catarina ပြည်နယ်သည် စိုက်ပျိုးရေးအပြင် ကြက်သားနှင့် ဝက်သားများအား အဓိကထုတ်လုပ်တင်ပို့လျက် ရှိပြီး တိရိစ္ဆာန်အစာကုန်ကြမ်းထုတ်လုပ်မှုအတွက် ၁ နှစ်လျင် ပြောင်းစေ့ပျမ်းမျှတန်ချိန် ၇.၃ သန်းလိုအပ်ချက်ရှိကြောင်း၊ ပြည်နယ်တွင်းထုတ်လုပ်မှုနှင့် မလုံလောက် သဖြင့် အခြားပြည်နယ်များမှ ပုံမှန်ဝယ်ယူရလျက်ရှိကြောင်း Haroldo က ပြောကြားခဲ့သည်။

မိုးခေါင်မှုကြောင့် ပြည်နယ်ရှိ နွားစားပြောင်းစိုက်ခင်းဧရိယာ၏ ၃၁.၈ ရာခိုင်နှုန်းပျက်စီးခဲ့ပြီး  ပြောင်းတန်ချိန် ၂.၉ သန်း ဆုံးရှုံးခဲ့သဖြင့် တန်ဖိုး ၆၂၇,၅၀၀ ဟဲရာ နစ်နာ ဆုံးရှုံးခဲ့ကြောင်း၊ ပဲစိုက်ခင်းပျက်စီးမှုသည် စုစုပေါင်းဧရိယာ၏ ၂၂.၄ ရာခိုင်နှုန်းရှိခဲ့ပြီး ခန့်မှန်းပဲတန်ချိန် ၁၅,၃၀၀ တန် ပျက်ဆီးခဲ့သဖြင့် တန်ဖိုးဟဲရာ ၆၃ သန်း နစ်နာ ဆုံးရှုံးခဲ့ကြောင်း၊ ပြည်နယ်၏ နှစ်စဉ် ပဲထုတ်လုပ်မှုသည်  တန်ချိန် ၅၃,၁၀၀ တန်ရှိကြောင်း သုတေသနပညာရှင် Haroldo က ပြောကြားခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်ပါ အချက်အလက်များသည် ဇန်နဝါရီလတွင်ပြုလုပ်ခဲ့သည့် သုတေသနတွေ့ရှိချက်များအပေါ်အခြေခံ၍ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး မိုးခေါင်မှု ဆက်လက်ဖြစ်ပွားမှုအပေါ်မူတည်၍ ဆုံးရှုံးနိုင်မည့်အချက်အလက်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း Haroldo က ပြောကြားခဲ့သည်။ ထို့အပြင် မိုးခေါင်မှု အခြေအနေသည် ဖေဖော်ဝါရီလကုန်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ပြည်နယ်၏ အနောက်ပိုင်းဒေသများတွင် ပိုမိုဆိုးရွားနိုင်ကြောင်း၊ မတ်လဆန်းမှစတင်၍ ပျမ်းမျှ မိုးရေချိန်အောက်မိုးရွာသွန်းနိုင်ပြီး နောက်အကျဆုံးမိုးခေါင်မှုကာလသည် ဧပြီလအထိဖြစ်ပေါ်နိုင်ကြောင်း ပြည်နယ်အစိုးရလက်အောက်ရှိ စိုက်ပျိုးရေးသုတေသန ကုမ္ပဏီ (Agriculture Research and Extension Company- Epagri) ၏ ခန့်မှန်းချက်အား သတင်းတွင် ဖော်ပြထားသည်။

မိုးခေါင်မှုကြောင့် သီးနှံစိုက်ခင်းပျက်စီးဆုံးရှုံးမှုများ လျှော့ကျစေရန်ရည်ရွယ်၍ the More Soil and Water Program အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး စိုက်ခင်းများအတွက် ရေသိုလှောင်ခြင်းနှင့် ရေသွယ်၍ ရေသွင်းစိုက်ပျိုးခြင်းများ လုပ်ဆောင်နိုင်စေရန် ပြည်နယ်အစိုးရက ရန်ပုံငွေများ စိုက်ထုတ်လုပ်ဆောင်လျက် ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News