Local News

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြက်သွန်နီသစ်များ ဈေးကွက်သို့ဝင်ရောက်လာ

Last Updated:

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥစိုက်နှင့် ပျိုးပင်စိုက် ကြက်သွန်နီများ ထွက်ပေါ်လျှက်ရှိပြီး ဈေးကွက်သို့ စတင်ဝင်ရောက်နေကြောင်းသိရသည်။

တိုင်းဒေသကြီးအတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးသောဒေသမှာ မြင်းခြံခရိုင်ဖြစ်ပြီး၊ မိတ္ထီလာခရိုင်တွင် ဒုတိယ အများဆုံးစိုက်ပျိုးပါသည်။ စိုက်ပျိုးမှုနည်းသော်လည်း အရည်အသွေးကောင်း ကြက်သွန်နီများထွက်သည့် ကျောက်ဆည်ခရိုင်ရှိ မြို့နယ်များဖြစ်သည့် စဉ့်ကိုင်၊ မြစ်သားနှင့်ဝမ်းတွင်းတို့တွင်စိုက်ပျိုးသည့် ပျိုးပင်စိုက်ကြက်သွန်နီများမှာ အစောဆုံးထွက် ပေါ်လေ့ ရှိပြီး ယခုအချိန်တွင် စတင်ဝင်ရောက် နေပြီဖြစ်သည်။ ယခုထွက်ပေါ်နေသည့် မိုးကြက်သွန်နီများမှာ တာရှည်အထားမခံသဖြင့် ကြာရှည်သိုလှောင်ခြင်းမပြုပဲ ဈေးကွက်အတွင်းသို့ ချက်ချင်းရောင်းချကြပြီး နွေစိုက်ကြက်သွန်နီများ ထွက်ပေါ်မှသာ လှောင်လက်များဝယ်ယူ သိုလှောင်ကြသည်။

  ၂၀၂၁-၂၀၂၂ ခုနှစ် ကြက်သွန်နီစိုက်ပျိုးရာသီတွင် အလုပ်သမားခဈေးမြင့်တက်ခြင်းမရှိသော်လည်း စိုက်ခင်းတွင်ထည့်ရသည့် သွင်းအားစုဈေး မြင့်တက်လာခြင်းကြောင့် စိုက်ဧကများလျော့ပြီး အထွက်နှုန်းလည်းနည်းကြောင်းသိရသည်။ ယခုထွက်ရှိ နေသည့် မိုးကြက်သွန်နီကို စားသုံးသူဈေးကွက်ဖြစ်သည့် ရန်ကုန်နှင့်မြဝတီဘက်သို့တင်ပို့နေကြောင်းသိရသည်။

       မန္တလေးဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာဈေးနှုန်းများမှာ လက်ကား‌ဈေး ကျပ် ၃၀၀/ ၄၀၀/၅၀၀၊ လက်လီဈေး ကျပ် ၁၀၀၀/၈၀၀/၆၀၀/၅၀၀၊  ကျောက်ဆည်ဈေးကွက်တွင် နွေကြက်သွန်နီ (အဟောင်း) တစ်ပိဿာ လက်ကားဈေး ကျပ် ၂၀၀ / ၃၀၀ /၄၀၀၊ လက်လီ ဈေးနှုန်းကျပ် ၃၀၀/၄၀၀/၅၀၀၊ မိုးကြက်သွန်နီ(အသစ်)လက်ကားဈေးတစ်ပိဿာ ကျပ် ၅၀၀/ ၆၀၀ / ၇၀၀၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀၀/ ၇၀၀/၈၀၀ ဖြင့် လတ်တလောအရောင်းအဝယ်ဖြစ်နေသည်။ မိုးကြက်သွန်နီများမှာ အဝင် နည်းနေသေးကြောင်းသိရသည်။

            မြင်းခြံဈေးကွက်တွင် ယခင်နှစ် နွေကြက်သွန်နီ (အဟောင်း) တစ်ပိဿာလျှင် လက်ကားဈေး ကျပ်၁၅၀/၂၀၀/ ၃၀၀၊ လက်လီဈေး ကျပ် ၂၅၀မှ  ၃၅၀၊ မိုးကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် လက်ကားဈေး ကျပ် ၃၀၀/၅၀၀/၆၀၀၊ လက်လီဈေးနှုန်း ကျပ် ၃၀၀/၇၅၀/၈၀၀ ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။ နွေကြက်သွန်နီမှာ ယခင်နှစ်သီးနှံဖြစ်၍ သိုလှောင်ချိန် နှစ်ကာလ ကြာမြင့်နေပြီဖြစ်၍ အရောင်မလှခြင်း၊ အညှောင့်ထွက်ခြင်းများကြောင့် အရည်အသွေးအလိုက် ဈေးအနိမ့်အမြင့်ဖြင့် ရောင်းဝယ်နေကြောင်း၊ တစ်ရက်လျှင်ကုန်ချိန်ပိဿာ နွေကြက်သွန်နီ  ၁၅၀၀၀ မှ ၂၀၀၀၀ ခန့်၊ မိုးကြက်သွန်နီ ၁၀၀၀၀၀မှ ၁၈၀၀၀၀ခန့်ဖြင့် နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

Source: ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News