International News

မိုးသည်းထန်မှုနှင့်ရေကြီးမှုများကြောင့် သီးနှံစိုက်ဧရိယာ ဟက်တာသိန်း ၅၀ ကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း အိန္ဒိယဝန်ကြီးက ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်တွင် လက်ရှိကာလအထိ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် နိုင်ငံတစ်ဝန်းရှိ သီးနှံစိုက်ခင်း ဧရိယာ ဟက်တာပေါင်း ၅၀.၄၀ သိန်း ထိခိုက်ပျက်စီးခဲ့ရကြောင်း အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီး နာရင်ဒရာဆင်းတိုမားက ၃၀-၁၁-၂၀၂၁ နေ့၌ လော့ဆာဘလွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ပါသည်။

ဝန်ကြီး နာရင်ဒရာဆင်းတိုမား၏ လော့ဆာဘလွှတ်တော်သို့ စာဖြင့်ရေးသားတင်ပြချက်အရ ၂၅-၁၁-၂၀၂၁ နေ့အထိ ကာနာတကာပြည်နယ်၌ သီးနှံစိုက်ခင်းဧရိယာ ဟက်တာ ၁၃.၉၈ သိန်းဖြင့် ထိခိုက်ပျက်စီးမှုအများဆုံး ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်နယ်အလိုက် သီးနှံစိုက်ခင်းများ ထိခိုက်မှုမှာ အနောက်ဘင်ဂယ်ပြည်နယ်တွင် ဟက်တာ ၆.၉၀ သိန်း၊ ရာဂျပ်စတန်ပြည်နယ်၌ ဟက်တာ ၆.၇၉ သိန်း၊ ဘီဟာပြည်နယ်တွင် ဟက်တာ ၅.၈၀ သိန်း၊ မဟာရဋ္ဌပြည်နယ်၌ ဟက်တာ ၄.၅၅ သိန်းနှင့် ဥတာပရာဒေ့ရှ်ပြည်နယ်တွင် ဟက်တာ ၃.၆၁ သိန်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးနာရင်ဒရာဆင်းတိုမားက ထိုကဲ့သို့ သီးနှံစိုက်ခင်းထိခိုက်ပျက်စီးမှုများအပေါ် သက်သာမှုရရှိစေရေးအတွက် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ပြည်နယ် သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေးရန်ပုံငွေ (SDRF) မှ ရူပီးငွေ ၈၈၇၃.၆၀ ကုဋေကို ကျခံသုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ SDRF ရန်ပုံငွေအပြင် အထောက်အပံ့များ ထပ်မံ လိုအပ်ချက်ရှိပါက သဘာဝ‌ဘေးဒုက္ခ ပြင်းထန်စွာကြုံတွေ့ရမှုများအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ အမှာစာဖြင့် တင်ပြချက်အပေါ်မူတည်၍ အတည်ပြု ချက်ရယူလျက် အမျိုးသားသဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးရန်ပုံငွေ (NDRF) မှ ထုတ်နှုတ်သုံးစွဲရန် စဉ်းစားထားရှိကြောင်း ပြောဆိုပါသည်။ သဘာဝဘေးဒဏ်ခံရ သည့် ခရိုင်အလိုက် တောင်သူလယ်သမားများက ရယူထားသည့် စိုက်ပျိုးရေးချေးငွေများ ပြန်လည်ပေးဆပ်မှုအား လျော့ပေါ့သက်သာခွင့်ပြုရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းချက်အပေါ် ဗဟိုအစိုးရအနေဖြင့် ထိုသို့ဆောင်ရွက်ရန်မရှိကြောင်း ၎င်းကဖြေကြားခဲ့ပါသည်။

လက်ရှိကာလတွင် အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) သည် မိုးသည်းထန်မှုနှင့် ရေကြီးမှုများကြောင့် သီးနှံစိုက်ဧရိယာထိခိုက်မှုကြုံတွေ့ရသည့် ဒေသများရှိ တောင်သူများအား ရေကြီးမှုအပေါ် ထိရောက်စွာ ကိုင်တွယ်စီမံခန့်ခွဲမှုဆိုင်ရာ ပညာပေးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Agri crops in 50.40 lakh hectare hit due to heavy rains & floods so far this year: Narendra Singh Tomar, 30-11-2021, Economic Times

Category: International News