International News

မုတ်သုံမိုးရွာသွန်းမှု ပြန်လည်ကောင်းမွန်လာခြင်းက အိန္ဒိယ၏ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မြင့်တက်စေဖွယ်ရာရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မုတ်သုံရာသီကာလ၌ မိုးဦးကောင်းမွန်ခဲ့ပြီး မိုးလယ်ကာလအစပိုင်း ဇူလိုင်လအတွင်း နိုင်ငံအရှေ့ ပိုင်းနှင့် တောင်ပိုင်းရှိ အချို့သောပြည်နယ်များမှအပ ကျန်နယ်မြေဒေသများတွင် မိုးရွာသွန်းမှုနည်းပါးလျက် မိုးရေချိန်ရရှိမှု လျော့ ကျခဲ့ပါသည်။ သို့ရာတွင် ဇူလိုင်လကုန်ပိုင်းမှစ၍ ဩဂုတ်လလယ်ပိုင်းအထိ မိုးရွာသွန်းမှု ပြန်လည်ကောင်းမွန်ခဲ့ရာ ယခုနှစ် အဓိက မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှုပမာဏမှာ ယခင်နှစ်ကထက်ကျော်လွန်လျက်ရှိပြီး မိုးနှောင်းကာလ ဆက်လက်ကောင်းမွန်မှုရှိပါက အိန္ဒိယ၏ ၂၀၂၀-၂၁ ခုနှစ် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မြင့်တက်စေနိုင်ဖွယ်ရာရှိပါသည်။

အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနရှိ ကောက်ပဲသီးနှံနှင့် ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့ (Crop Weather Watch Group) ၏ ၂၀၂၀-၂၁ ခုနှစ် သီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေစာရင်းအရ ၁၄.၈.၂၀၂၀ နေ့အထိ အိန္ဒိယနိုင်ငံတစ်ဝန်း၌ မိုးသီးနှံစုစုပေါင်းဧရိယာ ဟက်တာ ၁၀၁၅.၅၈ သိန်း စိုက်ပျိုးထားရှိပြီး ယခင်နှစ်ကာလတူထက် ဟက်တာ ၇၉.၈၈ သိန်း ပိုမိုစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ စာရင်းတွင် ယခုနှစ်မိုးရာသီ၌ ၁၄.၈.၂၀၂၀ နေ့အထိ စပါးစိုက်ဧရိယာ ဟက်တာ ၃၅၂ သိန်းခန့် စိုက်ပျိုး ထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၄၃ သိန်းကျော် ပိုမိုလျက်ရှိကြောင်း၊ အခြား နှံစားသီးနှံများအား ဟက်တာ ၁၆၈ သိန်းကျော် စိုက်ပျိုးထားပြီး ယခင်နှစ်ထက် ဟက်တာ ၅.၈၄ သိန်းခန့်ပိုမိုကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း ဟက်တာ ၂၃.၅၆ သိန်းပိုမိုလျက် စုစုပေါင်း ဟက်တာ ၁၈၇ သိန်းကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၀-၂၁ ခုနှစ် မိုးသီးနှံပဲမျိုးစုံ၌ အဓိကပါဝင်သည့် ပဲစင်းငုံအား ဧရိယာဟက်တာ ၄၂.၃၂ သိန်း စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ် ကာလတူထက် ၁.၃၀ သိန်းပိုမိုကြောင်း တွေ့ရှိရပါသည်။ ထို့အတူ မိုးသီးနှံမတ်ပဲ စိုက်ပျိုးပြီးစီးမှုဧရိယာမှာလည်း ဟက်တာ ၃၃.၇၄ သိန်းဖြစ်ရာ ယခင်နှစ် အလားတူကာလ စိုက်ပျိုးနိုင်မှုထက် ဟက်တာ ၁.၈၉ သိန်း ကျော်လွန်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယခု နှစ် မိုးသီးနှံပဲမျိုးစုံ၌ စိုက်ဧရိယာတိုးတက်မှုအများဆုံးမှာ မိုးပဲတီစိမ်းဖြစ်ပြီး  ဟက်တာ ယခင်နှစ်ကာလတူထက် ဟက်တာ ၃.၈၉ သိန်းပိုမိုလျက် စုစုပေါင်းဟက်တာ ၂၉.၀၃ သိန်း စိုက်ပျိုးထားပြီးဖြစ်သည်။ အဆိုပါ ပဲ ၃ မျိုးအား ယခင်နှစ်ကထက် ဧရိယာ ဟက်တာပေါင်း  ၇.၀၈ သိန်းကျော် တိုးချဲ့စိုက်ပျိုးနိုင်သော်လည်း အခြားပဲမျိုးများ၌ ဟက်တာ ၄.၅၈ သိန်းခန့် လျော့နည်းနေဆဲ ဖြစ်ရာ ယခင်နှစ်ကာလတူထက် မိုးသီးနှံပဲမျိုးစုံ ဧရိယာစုစုပေါင်း ဟက်တာ ၂.၅၁ သိန်းကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း တွေ့ရှိရ သည်။

တောင်သူလယ်သမားများအနေဖြင့် မိုးကောင်းစွာရွာသွန်းသည့်အခွင့်အလမ်းကိုရယူ၍ မြေနေရာလွတ်မကျန် သီးနှံများစိုက်ပျိုး နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မိုးနှောင်းသီးနှံများအား စက်တင်ဘာလလဆန်း ပိုင်းကာလများအထိ စိုက်ပျိုးနိုင်သည့်အခြေအနေရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးမှုမှာ ပုံမှန်စိုက်ဧရိယာထက်ကျော်လွန်ဖွယ်ရှိသည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ကြားကြောင်း Economic Times သတင်းဌာနမှ ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၌ ကောက်ပဲသီးနှံများ သိုလှောင်ထိန်းသိမ်းမှုကိုဆောင်ရွက်သည့် National Bulk Handling Corporation မှ သုတေသနဌာန၏ အကြီးအကဲဖြစ်သူ Mr. Hanish Kumar Sinha က ယခုနှစ် မုတ်သုံရာသီကာလ၌ မိုးပျံ့နှံရွာသွန်းမှုမှာ ကောင်း မွန်ပြီး ဆက်လက်၍ မိုးနှောင်းကောင်းပါက မိုးသီးနှံထွက်ရှိမှုမှာ စံချိန်တင်နိုင်မည့်အခြေအနေရှိကြောင်း၊ ဥတ္တပရာဒေ့ရှ်ပြည်နယ်၊ မဒ္ဒရာပရာဒေ့ရှ်ပြည် နယ်မြောက်ဖက်ပိုင်းနှင့် ဂူဂျရတ်ပြည်နယ်ရှိ နေရာဒေသအချို့တွင် မိုး‌ရေချိန်ရရှိမှု အနည်းငယ်လျော့နည်းမှု ရှိကြောင်း၊ သို့ရာတွင် ဥတ္တပရာဒေ့ရှ်ပြည်နယ်၌ ဆည်ရေပေးဝေနိုင်မှုရှိသဖြင့် စိုးရိမ်ဖွယ်မရှိသကဲ့သို့ ကျန်ဒေသများတွင်လည်း သာမညသီးနှံများအပြင် မိုးရွာသွန်းမှု ပြန်လည်ကောင်းမွန်လာပါက အဓိကသီးနှံများကို စိုက်ပျိုးနိုင်ချေရှိကြောင်း ပြောဆိုပါသည်။

ယခုနှစ်တွင် မုတ်သုံဆောလျင်စွာ ဝင်ရောက်မှုရှိခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဂယက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားများစွာ၏ ကျေးလက်ဒေသသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုက လယ်ယာကဏ္ဍ၌ လုပ်သားအင်အားလုံလောက်မှုဖြစ်စေခြင်း၊ သွင်းကုန် အပေါ် အမှီပြုနေရမှုကိုလျော့ချလျက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးမူဝါဒအား ပြောင်းလဲ ဖော်ဆောင်မှုနှင့်အညီ သီးနှံစိုက်ပျိုးရာသီမစတင်မီကပင် အချို့သောသီးနှံများအတွက် အထောက်အပံ့ပြုမည့် အခြေခံရည်ညွှန်း ဈေးနှုန်းများအား အစိုးရကမြှင့်တင်ပေးခဲ့ခြင်း စသည့်အကြောင်းအရင်းများနှင့်အတူ နိုင်ငံတစ်ဝန်းလုံးနီးပါး၌ မိုးကောင်းစွာပျံ့နှံ့ ရွာသွန်းမှုနှင့် ရာသီဥတုကောင်းမွန်ရန် ခန့်မှန်းရရှိမှုများက အိန္ဒိယနိုင်ငံရှိ တောင်သူလယ်သမားများအား သီးနှံများ ပိုမိုတိုးချဲ့စိုက် ပျိုးရန် တွန်းအားဖြစ်ပေါ်စေလျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Good progress of monsoon in August raises hopes of bumper kharif harvest, 13 Aug 2020, Economic Times

                   2. Monsoon comeback boosts planting, 15 Aug 2020, Economic Times

                   3. All India weather summary and forecast bulletin, 14 Aug 2020, India Meteorological Department

Category: International News