ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် GIZ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့ ပူးပေါင်း၍ အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးပွဲများကျင်းပ

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဂျာမဏီနိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (GIZ) ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Strengthening for the Private Sector Development) တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း အီလက်ထရောနစ်အွန်လိုင်းဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ကြပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အကြီးအကဲများ၏ လမ်းညွှန်မှုအရ အဆိုပါ ဆွေးနွေးပွဲများတွင် Export Readiness Checker နှင့် Showroom Professionalization လုပ်ငန်းစဉ်တို့ကို ဌာန၏အရာထမ်းနှင့်ဝန်ထမ်းများက ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာအကြံပေးများအဖြစ် နယ်သာလန်နိုင်ငံအခြေစိုက် Globally Cool အကြံပေးလုပ်ငန်းမှ Mr.Onno Rouken နှင့် Ms.Wietske Zangberg တို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

Export Readiness Checker ကို မြန်မာအသေးစားနှင့်အလတ်စား ပို့ကုန်စီးပွားရေးလုပ်ငန်းများအနေဖြင့် ပို့ကုန်တင်ပို့နိုင်မှုအခြေအနေ အဆင်သင့်ဖြစ်မှုအား ကိုယ်တိုင်ဆန်းစစ်မှုပြုလုပ်နိုင်ရန်၊ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် ရည်ရွယ်၍ ပြုစုခြင်းဖြစ်ကြောင်း၊ Export Readiness Checker တွင် ပို့ကုန်စီးပွားရေးလုပ်ငန်းတစ်ခုစတင်နိုင်ရန် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ လိုင်စင်လျှောက်ထားရယူခြင်းမှစ၍ ဈေးကွက်ဆိုင်ရာ လိုအပ်ချက်နှင့် ဝယ်လိုအားအခြေအနေလေ့လာခြင်း၊ ပို့ကုန်ဆိုင်ရာဘဏ္ဍာငွေအထောက်အပံ့ရယူနိုင်မည့်အခွင့်အလမ်းများ၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် ဥပဒေဆိုင်ရာလိုအပ်ချက်များ အပါအဝင် စုစုပေါင်း ခေါင်းစဉ် (၁၁) ခု၊ မေးခွန်း (၂၈) ခုနှင့် ရှင်းလင်းတင်ပြချက်များပါဝင်ပြုစုထားကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင်လည်း ၎င်းအားဖော်ပြပေးသွားမည်ဖြစ်ပြီး၊ အလားအလာရှိသော မြန်မာပို့ကုန်လုပ်ငန်းများအနေဖြင့် မိမိတို့၏ ပို့ကုန်တင်ပို့နိုင်မှု အဆင်သင့်ဖြစ်မှုအခြေအနေကို ကိုယ်တိုင်ဆန်းစစ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Showroom Professionalization လုပ်ငန်းစဉ်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က နိုင်ငံတစ်ဝှမ်း၌ ဖွင့်လှစ်ခဲ့ပြီးဖြစ်သော ကုန်သွယ်မှုဗဟိုဌာန (၁၂) ခု၏ ပြခန်းတာဝန်ခံ အရာရှိများနှင့်ဝန်ထမ်းများအား ပြခန်းခင်းကျင်းခြင်းကျွမ်းကျင်မှု ဆိုင်ရာအတတ်ပညာကို အီလက်ထရောနစ် အွန်လိုင်းဆွေးနွေးပွဲနှင့်သင်တန်းများပို့ချ၍ နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။  ပြခန်းဖွင့်လှစ်ထားရှိခြင်း၏ ရည်ရွယ်ချက်များ၊ ပြခန်းဖွင့်လှစ်ထားကြောင်းအများ ပြည်သူသိစေရန် ဆောင်ရွက်ချက်များ၊ လာရောက် လည်ပတ်လေ့လာသူများ၊ ပြခန်းအကျယ်အဝန်းနှင့် ဖွဲ့စည်းပုံ၊ ကုန်စည်ပြသထားသူများ၊ ပြခန်း၏ ဧည့်ဝတ်ပျူငှာမှု၊ ပြခန်း၏ရလာဒ်အပေါ်စံသတ်မှတ်ချက်ဟူ၍ အပိုင်းများခွဲခြား၍ ဆွေးနွေးပို့ချခဲ့ကြောင်း၊ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံတကာသံရုံးများနှင့်စီးပွားရေးသံမှူးများအား ပြခန်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေထားခြင်း၊ ပြခန်းတွင် New Arrival ကောင်တာထားခြင်းနှင့် ကုန်ပစ္စည်းအသစ်ရောက်တိုင်း အချိန်ကာလသီတင်းနှစ်ပတ်ကြာပြသပေးခြင်း၊ လာရောက်ကုန်စည်ပြသထားသူများနှင့် ဆက်သွယ်ရမည့်ပုဂ္ဂိုလ်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီနှင့်ကုန်ပစ္စည်းဆိုင်ရာ လက်ကမ်းစာစောင်များ ထားရှိခြင်းတို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာပြခန်းများနည်းတူ နောင်တချိန်တွင် ကုန်ပစ္စည်းများကို QR CODE စနစ်ဖြင့် Online Showroom များ ထားရှိကာ နေ့စဉ်ဝင်ရောက်လေ့လာသူများကို စစ်တမ်းကောက်ယူနိုင်ပါက ပိုမိုပြည့်စုံမည်ဖြစ်ကြောင်း စသည်ဖြင့် အသေးစိတ်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် အစီအစဉ်အား ရေးဆွဲခဲ့ကြကြောင်း သိရှိရပါသည်။