Local News

မြေပဲဆံစျေးတက်လာသလို မြေပဲဆီစျေးပါတက်လာ

Last Updated:

မြေပဲဆံစျေးတက်လာသလို မြေပဲဆီစျေးပါတက်လာ

စျေးကွက်ထဲတွင် ပြည်တွင်းတွင်ကြိတ်ခွဲထုတ်လုပ်သည့် ပဲဆီနှင့်နှမ်းဆီစျေးများ အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေတာကိုတွေ့ရပါတယ်။ ကုန်ကြမ်းရှားပါးလာခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆီစက်လည်ပတ်ရန် အခက်အခဲဖြစ်နေခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီစျေးများ မြင့်တက်လာတယ်လို့ သိရပါတယ်။ သယ်ယူပို့ဆောင်ရေးခက်ခဲသည့် ဒေသအပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲ ရှိနိုင်တယ်လို့သိရပါတယ်။ ယခုအချိန်ဟာ ပြည်ပဝယ်လိုအားရှိတဲ့အတွက် မြေပဲဆံလိုအပ်ချက် အများဆုံးအချိန်တွင် ကုန်ကြမ်းရှားပါးနေကာ မြေပဲဆံစျေးများလည်း တက် လာတာဖြစ်တယ်လို့ သိရပါတယ်။ မြေပဲဆံစျေးတက်သလို မြေပဲဆီစျေးလည်း လိုက်တက်လာပါတယ်။ မကွေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီ(၁)ပိဿာလျှင် (၄ဝဝဝ)ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် မြို့ပေါ်ရပ်ကွက်များသို့ မော်တော်ကားဖြင့် လိုက်လံရောင်းချပေးနေတာကို တွေ့ရပါတယ်။ စားအုန်းဆီ ပြင်ပပေါက်စျေးမှာ (၁)ပိဿာလျှင်(၈ဝဝဝ)ကျပ်နှုန်းဖြင့် ရောင်းချ နေသဖြင့် ပြည်တွင်းစားသုံးဆီဖြစ်တဲ့ မြေပဲဆီစျေးနှင့် စျေးမကွာသည့်အတွက် မြေပဲဆီကိုသာ သုံးစွဲမှုများလာခြင်းကြောင်း မြေပဲဆီစျေးတက် လာရခြင်း အကြောင်းအရင်းတစ်ခု ဖြစ်ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်(၂၇.၇.၂၀၂၂)ရက်နေ့တွင် မြေပဲဆံစျေးမှာ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် (၅၂ဝဝ)ကျပ်၊ မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် (၅၃ဝဝ)ကျပ်သာ စျေးပေါက်ခဲ့‌သော်လည်း ယခုတစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် မြေပဲလုံးဆံနီ (၁)ပိဿာလျှင်(၆၁ဝဝ)ကျပ်၊ မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် (၆ဝဝဝ)ကျပ်စျေးအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ မြေပဲဆီစျေးနှုန်းမှာ ယခင်တစ်ပတ်(၂၇.၇.၂၀၂၂)ရက်နေ့တွင် မြေပဲဆီ(၁)ပိဿာလျှင် (၉၅ဝဝ)ကျပ်စျေးသာ ရှိခဲ့သော်လည်း ယခုတစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် မြေပဲဆီ(၁)ပိဿာလျှင် (၁ဝဝဝဝ)ကျပ်စျေးအထိ မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။

                                                                                                                                                                ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News