International News

ယူရိုဇုန်၏ စက်မှုကဏ္ဍထုတ်လုပ်မှု ပြန်လည်တိုးတက်ခဲ့သော်လည်း မျှော်မှန်းထားသည်ထက်လျော့နည်း

Last Updated:

ယူရိုဇုန်၏ စက်မှုကဏ္ဍထုတ်လုပ်မှုသည် ၂၀၂၀၊ ဇွန်လတွင် တိုးတက်မှုရှိခဲ့သော်လည်းပြီးခဲ့သည့် မတ်လနှင့်ဧပြီလတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စံချိန်တင်ကျဆင်းခဲ့သည့်အခြေအနေမှ ပြန်လည်နိုးထနိုင်မှုမှာ မျှော်မှန်းထားသည်ထက် နည်းပါးကြောင်းသိရသည်။ ယူရိုဇုန်၏စက်မှု ကုန်ထုတ် လုပ်မှုတိုးတက်ခဲ့ခြင်းမှာမော်တော်ကားများနှင့် ရေခဲသေတ္တာများကဲ့သို့သော တာရှည်ခံကုန်စည်များထုတ်လုပ်မှုတွင်တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ယင်းမှာ ဥရောပ၌ COVID-19 ဆိုင်ရာကန့်သတ်ချက်များအားဖြေလျှော့ခဲ့သဖြင့် စားသုံးသူယုံကြည်မှုအပိုင်းတွင် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်အဖြစ်ရှုမြင်နိုင်ကြောင်း၊ သို့ရာတွင် လအလိုက်နှိုင်းယှဉ်ချက်အရ စက်မှုကဏ္ဍထုတ်လုပ်မှု၏တိုးတက်မှုမှာ စီးပွားရေးပညာရှင် များ မျှော်မှန်းထားသည်ထက် နိမ့်ကျနေသေးပြီး၊ ကပ်ရောဂါအကျပ်အတည်းကာလမတိုင်မီ အဆင့်ထက်များစွာနည်းပါးကြောင်းလည်း သိရသည်။

ယူရိုဇုန်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုမှာ ဇွန်လတွင် ၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ မေလ တွင်တိုးတက်ခဲ့မှုမှာ ၁၂.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း အီးယူ၏ စာရင်းအင်းအဖွဲ့ Eurostat ကဆိုသည်။ ဇွန်လတွင် ယူရိုဇုန်၏ ကုန်ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းတိုးတက်နိုင်မည်ဟု စီးပွားရေးပညာရှင်များ ကခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ ယူရိုဇုန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ပြန်လည်နာလန် ထူလာသည့် အခြေအနေမှအလှမ်းကွာနေဆဲ ဖြစ်ကြောင်း၊ နှစ်အလိုက်နှိုင်းယှဉ်ချက်တွင်မူဧပြီလနှင့်မေလတို့ထက် လျော့နည်း၍ ကျဆင်းခဲ့သဖြင့် တဖြည်းဖြည်းချင်း ပြန်လည်နိုးထလာသည့် အခြေအနေ ဖြစ်ကြောင်း၊ လအလိုက်နှိုင်းယှဉ်မှုအရ တာရှည်ခံကုန်စည်များထုတ်လုပ်မှုသည် ၂၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကုန်စည်များ ထုတ်လုပ်မှုတွင်လည်း ၁၄.၂ ရာခိုင်နှုန်းဖြင့် သိသာစွာတိုးတက်ခဲ့ကြောင်း၊ စွမ်းအင်ထုတ်လုပ်မှုတွင် ၂.၆ ရာခိုင်နှုန်းသာတိုးတက်ခဲ့ပြီး၊ အဝတ် အထည်နှင့် စည်သွပ်အစားအစာကဲ့သို့သော စားသုံးကုန်စည်များထုတ်လုပ်မှုသည် ၄.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ်  -  (Reuters၊ Eurostat)

Category: International News