Local News

ရှမ်းပြည်နယ်(တောင်ပိုင်း)၏အာလူးစိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးကွက်အခြေအနေ

Last Updated:

ရှမ်းပြည်နယ်(တောင်ပိုင်း)၏ အာလူးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၌ နောင်တရား၊ ဟဲဟိုး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး ယခင်နှစ်များတွင် စိုက်ဧကအနေဖြင့် ဧက(၄၀၀၀၀)ကျော်ပုံမှန် စိုက်ပျိုး၍ ယခု(၂၀၂၂)ခုနှစ် စိုက်ရာသီမှာ ပုံမှန်စိုက်ဧကထက် ၃ ပုံ ၂ ပုံသာဆက်လက် စိုက်ပျိုးကြကြောင်း စိုက်ပျိုးသည့်မျိုးများအနေဖြင့် နယ်သာလန်၊ တရုတ်၊ အိန္ဒိယတို့မှ အရည်အသွေးကောင်းမျိုးများကို အသင်းအဖွဲ့၊ အစုအဖွဲ့များမှ မှာယူတင်သွင်း၍ ဖြန့်ဖြူး ပေးခြင်း၊ (၂၀၂၀)ခုနှစ်တွင် ပြည်ပမျိုးများမှာယူတင်သွင်းခြင်းမရှိဘဲ ယခင်စိုက်ပျိုးထွက်ရှိသည့် မျိုးများမှရွေးချယ်ပြီး ဟဲဟိုးအာလူးအသင်း၏ တန်(၁၀၀၀)ဆန့်နှင့်  နောင်တရားအာလူး အသင်း၏ တန်(၂၀၀၀)ဆန့်မျိုး အအေးခန်းသိုလှောင်ရုံ၌ သိုလှောင်ထားရှိ၍ စိုက်ပျိုးချိန် များတွင် တောင်သူများထံသို့ ဖြန့်ဖြူရောင်းချပေးခဲ့သည်၊ ယခု(၂၀၂၂)ခုနှစ်တွင် နယ်သာလန် နိုင်ငံမှ မျိုးအသစ်များကို မှာယူရန်အတွက် အမှာစာများပေးပို့ထားပြီးဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသမှာ အာလူးစိုက်ပျိုးမှု အနည်းငယ်လျော့နည်းရခြင်းမှာ (၂၀၁၉)နှစ်အထိ စိုက်ပျိုးစရိတ်တစ်ဧက(၂၅)သိန်းခန့်သာ ကုန်ကျပြီး (၂၀၂၁)နှစ်မှစ၍ စိုက်စရိတ်အနေဖြင့် တစ်ဧက(၅၀)သိန်းခန့် ကုန်ကျစရိတ်မြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံမှုများ ကြီးမားလာကြောင်းသိရသည်။ စိုက်ပျိုးစရိတ်မြင့်တက်လာခြင်းမှာ မြေဆီ၊ စက်သုံးဆီ၊ လုပ်သားခ စသည့်ထုတ်လုပ်ကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် ယခင်ဧက(၂၀) စိုက်ပျိုးသူများအနေဖြင့် ယခု(၁၀)ဧကခန့်သာ စိုက်ပျိုးနိုင်ပြီး လုပ်ကွက်ငယ်တောင်သူများ အနေဖြင့် အခြားတွက်ချေကိုက်မည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းကြောင့် စိုက်ဧက လျော့နည်းခြင်းဖြစ်သည်။

အာလူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၌ အဓိက မိုးနှင့်ဆောင်းဟူ၍ နှစ်ကြိမ်စိုက်ပျိုး၍ မိုးအာလူးမှာ မတ်မှ ဧပြီလများတွင်စိုက်ပျိုးပြီး ထွက်ရှိမှုအနေဖြင့် ဩဂုတ်လမှ စက်တင်ဘာလ များတွင် ထွက်ရှိသည် ဆောင်းအာလူးမှာ ဩဂုတ်လ မှ စက်တင်ဘာလတွင်စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင်ထွက်ရှိသည်။

ဈေးကွက်တင်ပို့မှုအနေဖြင့် စိုက်ပျိုးတောင်သူများမှ တောင်သူအစုအဖွဲ့များထံသို့ ရောင်းချခြင်း၊ အောင်ပန်းပွဲရုံများနှင့် ရန်ကုန်ဈေးကွက်ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချ ကြသည်၊ ဈေးနှုန်း အနေဖြင့် စားအာလူးနှင့် ကြော်အာလူးဟူ၍ (၂)မျိုးခွဲထားပြီး ဈေးနှုန်းမှာ (၂၀၁၆-၂၀၁၉)နှစ် အထိ အာလူးထွက်ရှိချိန်၌ စားအာလူးတစ်ပိဿာ(၄၅၀-၅၀၀)ကျပ်ခန့်နှင့် ကြော်အာလူး တစ်ပိဿာ( ၁၀၀၀-၁၂၀၀)ကျပ်ခန့်သာ ဈေးရရှိပြီး၊ ယခုနှစ်ပိုင်းတွင် စားအာလူး တစ်ပိဿာ (၁၃၀၀-၁၅၀၀)ကျပ်၊ ကြော်အာလူး တစ်ပိဿာ(၁၇၀၀-၂၀၀၀)ကျပ် ဈေးနှုန်း ရှိကြောင်းသိရသည်။

ယခင်အာလူးများကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံမှအများဆုံး တင်သွင်းခြင်း ဈေးနှုန်းအနေဖြင့်လည်း ပြည်တွင်းအာလူးဈေးနှုန်းထက် လျော့နည်းခြင်းကြောင့် ဈေးနှုန်း ကျဆင်းခဲ့သည်၊ ကိုဗစ်-၁၉ ကာလအတွင်း ကုန်သွယ်ရေးကန့်သတ်မှုများကြောင့် ပြည်ပမှ အာလူးများဝင်ရောက်မှုမရှိခြင်း၊ ပြည်တွင်းစိုက်ဧက အနည်းငယ်လျော့ကျခြင်းကြောင့် ဈေးနှုန်းများပြန်လည်မြင့်တက်လာသည့်အတွက် ယခုမိုးအာလူးစိုက်ပျိုးချိန်တွင် အရင်းအနှီး ကြီးမားသော်လည်း လက်ရှိအာလူးဈေးကောင်းရရှိသည့်အတွက်ကြောင့် အချို့တောင်သူများ ပြန်လည် စိုက်ပျိုးမှုများရှိလာကြောင်းသိရသည်၊ ထို့ပြင် တရုတ်နှင့် ဘင်္ဂလားတို့မှ ဝင်ရောက်သည့် အာလူးများ၏ဈေးနှုန်းအနေဖြင့် ဈေးကွက်၌ (၁၀၀၀-၁၁၀၀)ကျပ် ထက်လျော့နည်းခြင်းမရှိသည့်အတွက် ပြည်တွင်းအာလူး အနေဖြင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် လာမည့် နိုဝင်ဘာလမှ ဇန်နဝါရီလအထိ အာလူးပေါ်ချိန်များ၌ သင့်တင့်မျှသသော ဈေးနှုန်းရရှိမည်ဟု ခန့်မှန်းကြောင်း နောင်တရား အာလူးစိုက်တောင်သူများထံမှသိရသည်။

Category: Local News