International News

လက်တင်အမေရိကဒေသထံမှ ဆန်ဝယ်ယူရန် အမှာစာများအား ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယကုန်သည်များ လက်ခံရရှိ

Last Updated:

အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူလုပ်ငန်းရှင်များအနေဖြင့် လက်တင်အမေရိကဈေးကွက်သို့ ဘာစမာတီဆန်များကို ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ်ဒီဇင်ဘာလမှ စတင် ၍ တင်ပို့နိုင်တော့ မည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) မှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul က လက်တင်အမေရိကဒေသရှိ နိုင်ငံများသည် ဆန်ကို ယခင်က အမေရိကန်နိုင်ငံထံမှသာ ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါ အိန္ဒိယနိုင်ငံသို့ ဦးလှည့်၍ အမှာစာများ ပေးပို့လာကြကြောင်း ပြောဆိုပါသည်။

ယခုကဲ့သို့ ဈေးကွက်အသစ်ရရှိလာမှုသည် ငွေပေးချေမှုဆိုင်ရာ အခက်အခဲပြဿနာများကြောင့် အဓိကဆန်တင်ပို့ရာ အီရန်နိုင်ငံ၌ ဈေးကွက်ပျောက်ဆုံးမှုနှင့် ရင်ဆိုင် နေရသော အိန္ဒိယကုန်သည်များအတွက် သက်သာမှုရရှိစေမည်ဖြစ်ပါသည်။ နှစ်ကာလများစွာကပင် ဘာစမာတီဆန်များအား တင်ပို့လျက်ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုက ငွေပေးချေမှုစနစ်ကို ပျက်ယွင်းမှုဖြစ်ပေါ်စေပြီး အိန္ဒိယကုန်သည်များအနေဖြင့် အီရန်ရှိ ၎င်းတို့၏ ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေရရှိရန် ကြန့်ကြာမှုများ ကြုံတွေ့ရလျက်ရှိသည်။

အီရန်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အိန္ဒိယရှိ ရေနံချက်လုပ်သည့် ကုမ္ပဏီများသည် ရေနံစိမ်းများ ဝယ်ယူတင်သွင်းမှုအတွက် ကုန်ဖိုးငွေများကို UCO Bank ၌ ဖွင့်လှစ် ထားသည့် အီရန်နိုင်ငံ၏ ရူပီးငွေစာရင်းသို့ ပေးသွင်းထားရှိပြီး အိန္ဒိယ၏ ပို့ကုန်များအတွက် ၎င်းငွေစာရင်းမှ ပြန်လည်ခုနှိမ်ပေးချေခြင်းဖြစ်ပါသည်။ သို့ရာတွင် အီရန် နိုင်ငံအပေါ် အရေးယူကန့်သတ်မှုအား အမေရိကန်နိုင်ငံက ဖြေလျော့ပေးထားသည့် ကာလကုန်ဆုံးချိန် ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ အီရန်နိုင်ငံထံမှ ရေနံများအား ရူပီးငွေဖြင့် ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းခဲ့သည်။ ထို့နောက်ပိုင်း အိန္ဒိယဘဏ်များ၌ အပ်နှံထားသည့် အီရန်နိုင်ငံ၏ အရန်ရူပီးငွေလက်ကျန်ပမာဏမှာ တဖြည်းဖြည်းနည်းပါးလာခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယခင်က ပြည်တွင်း၌ ဆန်စပါးရိတ်သိမ်းထွက်ပေါ်ချိန်တွင် ပြည်ပမှတင်သွင်းမှုကို တားမြစ်ထားလေ့ရှိသည့် ရာသီအလိုက်ကန့်သတ်ချက်အား အီရန် အစိုးရက ပယ်ဖျက်ပေးခဲ့သည်။ အိန္ဒိယရှိ Kohinoor Foods စားသောက်ကုန်လုပ်ငန်းမှ တွဲဖက်အုပ်ချုပ်မှုဒါရိုက်တာ Mr. Gurnam Arora က အီရန်နိုင်ငံသည် ဆန်တင်သွင်းရန်တင်ဒါခေါ်ယူမှုကို မကြာသေးမီက ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယဆန်ကုန်သည်အချို့သည် အီရန်သို့ ဆန်တန်ချိန် ၁၀၀ ခန့် တင်ပို့ခဲ့သည်ဟု ကြား သိရကြောင်း ပြောဆိုပါသည်။ AIREA မှ Mr. Vinod Kaul က အိန္ဒိယကုန်သည်များသည် အီရန်နိုင်ငံနှင့် ကုန်သွယ်ရာ၌ ငွေပေးချေမှု အကျပ်အတည်းအား ကျော်လွှားနိုင်မည့်အခြေအနေကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ အီရန်ရှိ ကုန်သွယ်ဘက်များထံမှ ကုန်ဖိုးငွေအချို့ လက်ခံရရှိမှုရှိသော်လည်း ကုန်သည်အများစုမှာ ကုန် တန်ဖိုး အပြည့်အဝ ပြန်လည်လက်ခံရရှိခြင်း မရှိသေးကြောင်း ပြောကြားပါသည်။

အိန္ဒိယနိုင်ငံ၌ ယခုနှစ် မိုးနှောင်းကာလ မိုးသည်းထန်မှုများကြောင့် စိုက်ပျိုးထားရှိဆဲ စပါးခင်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ အရည်အသွေးမြင့် ဘာစမာတီဆန် ထွက်ရှိ နိုင်မှုမှာ ယခင်နှစ် ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၁၅% မှ ၂၀% အထိ ကျဆင်းဖွယ်ရှိပြီး ဈေးနှုန်းများသည်လည်း ၂၀% မှ ၄၀% အထိ မြင့်တက်လာခဲ့ကြောင်း၊ AIREA ကုန်သည်အသင်းက ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန် ပြည်ပသို့ တင်ပို့မှုမှာ ယခင်နှစ်တင်ပို့မှု တန်ချိန် ၄.၆ သန်းအောက် ၂၀% ခန့် လျော့ကျမည်ဟု ခန့်မှန်းလျက်ရှိကြောင်းဖြင့် အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Latin America opens doors to Indian basmati rice for first time ever, 30-11-2021, Economic Times

Category: International News