International News

သမ္မတထရမ့်က အလုပ်လက်မဲ့ခံစားခွင့်အမိန့် လက်မှတ်ရေးထိုး

Last Updated:

အမေရိကန်နိုင်ငံတွင် လွှတ်တော်အမတ်များနှင့် အိမ်ဖြူတော်တို့အကြား အမေရိကန်နိုင်ငံသားများအား အထောက်အပံ့ပေးမည့် နောက်ထပ် နိုးကြားရေးအစီအစဉ်အား ညှိနှိုင်းလျက်ရှိရာ သဘောတူညီမှု မရရှိသေးသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသော အမေရိကန်များအတွက် အလုပ်လက်မဲ့ခံစားခွင့်အမိန့်ကို သမ္မတထရမ့်က ၈-၈-၂၀၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါအမိန့်တွင် အမေရိကန် အလုပ်လက်မဲ့များအား သီတင်းတစ်ပတ်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးသည့်အစီအစဉ်သည် ဇူလိုင်လတွင် သက်တမ်းကုန်ဆုံးပြီ ဖြစ်သည့်အတွက် ယခုအခါ အလုပ်လက်မဲ့ခံစားခွင့်ကို တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်နယ်များမှ ၂၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၀၀) နှင့် ပြည်ထောင်စုအစိုးရက ၇၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃၀၀) ကျခံရမည်ဖြစ်ပါသည်။ ဒီမိုကရက်ပါတီဝင်များက ဇူလိုင်လတွင် သက်တမ်းကုန်သွားသည့် ယခင်က ထောက်ပံ့ ပေးခဲ့သည့် သီတင်းတစ်ပတ်လျှင် အလုပ်လက်မဲ့ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၆၀၀ အား ဆက်လက်ထောက်ပံ့ပေးစေလိုကြောင်း အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ Mrs. Nancy Peloci က ပြောကြားခဲ့ပါသည်။

စီးပွားရေး ထောက်ပံ့ကူညီမှုအမိန့်အရ ကျောင်းသားချေးငွေများ လစဉ်ပြန်လည်ပေးဆပ်ခြင်းကိုလည်း ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရပ်ဆိုင်း ပေးသွားမည်ဖြစ်ပြီး  နေအိမ်များမှ ဖယ်ရှားခိုင်းခြင်းနှင့် ပေါင်းနှံထားသည့် နေအိမ်များ ပြန်လည်ရွေးယူခြင်းတို့ကို ထပ်မံဆိုင်းငံ့ထားမည် ဖြစ်ပါသည်။

ထို့ပြင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀.၀၀၀ အောက် ဝင်ငွေရှိသူများကို ဝင်ငွေ အပေါ် ၆.၂ ရာခိုင်နှုန်း ထမ်းဆောင်ရသည့် လူမှုရေးခွန် (social security tax) နှင့် အချို့သော ဖြေလျှော့ပေးထားခြင်း လစာခွန် (payroll –tax cut) ကို စက်တင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကင်းလွှတ်ခွင့်ပြုထားပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News