International News

သြစတြေးလျ ပို့ကုန်တင်ပို့သူများက မလေးရှား halal ကုန်သွယ်မှု စျေးကွက်သစ်သို့ ဝင်ရောက်ခြင်းမှ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းလျက်ရှိခြင်း

Last Updated:

မကြာသေးမီက ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများပြီးနောက် Halal လက်မှတ်ရထုတ်ကုန်များအတွက် ကမ္ဘာ့စျေးကွက်သည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆနီးပါး ရောက်ရှိလာမည်ဖြစ်ပြီး၊ ဩစတြေးလျတင်ပို့သူများသည် အမြတ်အစွန်းရရှိရန် အဓိကအနေအထားတွင် ရှိနေသည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဩစတြေးလျတင်ပို့သူများသည် နိုင်ငံအတွင်း သိုးသားထုတ်လုပ်မှု၏ ၇၁% ခန့်ရှိကာ တစ်နှစ်လျှင် ဩစတြေးလျဒေါ်လာသန်း ၁၉၀ တန်ဖိုးရှိ Halal လက်မှတ်ရ သြစတြေးလျ သိုးသားများကို တင်သွင်းလျက်ရှိသည့် မလေးရှားနိုင်ငံ၏ လျင်မြန်စွာ ကြီးထွားလာသော စားသောက်ကုန်ကဏ္ဍသို့ ပိုမိုဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။ ပို့ကုန် အခွင့်အလမ်းသစ်များသည် သြစတြေးလျကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Austrade) နှင့် မလေးရှားနိုင်ငံ Halal Development Corporation တို့ အကြား နားလည်မှုစာလွှာ လက်မှတ်ရေးထိုးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Austrade မှ မလေးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကြီးတန်းကော်မရှင်နာ Paul Sanda က သြစတြေးလျနိုင်ငံသို့ ကုန်စည်နှင့် ဝန်ဆောင်မှုများ မလေးရှားနိုင်ငံသို့တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင်စုစုပေါင်း ၁၀ ဘီလီယံခန့် ရှိကြောင်း၊  ၀င်ငွေများတိုးမြင့်လာမှုနှင့်အတူ စားသုံးသူများက အရည်အသွေးမြင့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရယူခြင်းက မလေးရှားနှင့် အခြားနိုင်ငံများရှိ သြစတြေးလျစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ တိုးပွားလာလျက်ရှိကြောင်း ပြော ကြားခဲ့သည်။

အာဆီယံဒေသသည် မွတ်စလင်သန်း ၂၄၀ ဝန်းကျင်နေထိုင်လျက်ရှိပြီး၊  ကမ္ဘာတစ်ဝှမ်းတွင် Halal စျေးကွက်သည် ၎င်း၏လက်ရှိ တန်ဖိုးဒေါ်လာ ၄ ထရီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၇ ထရီလီယံအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ ဗစ်တိုးရီးယား အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အကြီးအကဲက သြစတြေးလျသည် ၂၀၂၁ ခုနှစ်တွင် အသားတင်ပို့မှုဒေါ်လာ ၂.၃၆ ဘီလီယံကျော်ဖိုးရှိခဲ့ကြောင်း၊ Halal ဆိုသည်မှာ ဘာသာရေးကျမ်းဂန်အရ တရားဝင်ခွင့်ပြုထားသည့် အရာအားလုံးကို ဆိုလိုသော် လည်း မွတ်ဆလင်များအတွက်သာ ကန့်သတ်ထားခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဩစတြေးလျနိုင်ငံရှိ သားသတ်ရုံအများ စုသည် Halal လက်မှတ်ရရှိထားပြီး၊ မွတ်ဆလင်ကြီးကြပ်ရေးမှူးတစ်ဦးရှိရန် လိုအပ်ကြောင်း သိရှိရသည်။  

မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများသည် ယင်းတို့အတွက် Halal သည် အရေးကြီးရုံသာမက အစားအသောက်ဘေး ကင်းရေး စံနှုန်းများပါရှိသောကြောင့် သြစတြေးလျမှ အသားနှင့် နို့ထွက်ပစ္စည်းများကို တင်သွင်းကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ဩစတြေးလျနိုင်ငံသည် ဘရာဇီး၊ အာဂျင်တီးနားနှင့် အိန္ဒိယနိုင်ငံတို့ထက် မွတ်စလင်နိုင်ငံများသို့ နို့ထွက်ပစ္စည်းနှင့် red meat များ ကို တင်ပို့လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။

မလေးရှားဈေးကွက်နှင့် ဆက်ဆံရေးအားကောင်းလာခြင်းသည် အင်ဒိုနီးရှားနှင့် အရှေ့အလယ်ပိုင်းကဲ့သို့သော ဒေသများ၏ ပို့ကုန် ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်မည့် အခွင့်အရေးရရှိ လာမည်ဖြစ်ကြောင်း သိရှိရသည်။ ဩစတြေးလျနိုင်ငံမှ အမဲသား၊ သိုးသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဖျော်ရည်နှင့် နှံစားသီးနှံများကို တင်သွင်းလျက်ရှိသည်။ မလေးရှားရှိ အလှကုန်နှင့် အသားအရေထိန်းသိမ်းမှု ဆိုင်ရာ ပစ္စည်းထုတ်လုပ်သူများ၊  ဖြည့်စွက်ထုတ်လုပ်သူများကလည်း ဈေးကွက်များရှိ မွတ်ဆလင်များထံသို့ စိတ်အေးချမ်းမှု ယူဆောင်လာပေးနိုင်သည့် Halal အသိအမှတ်ပြုလက်မှတ်ရသည့် ကုန်စည်များအပေါ် စိတ်ပါဝင်စားမှုမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: International News