International News

ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့တင်ပို့ရာတွင် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းဟုတံဆိပ် ပြန်လည်ပြောင်းလဲကပ်ရန်လိုအပ်လာခြင်း

Last Updated:

အမေရိကန်အစိုးရ၏ ညွှန်ကြားချက်အရ ၂၅-၉-၂၀၂၀ ရက်နေ့မှစတင်၍ ဟောင်ကောင်၌ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်း ‘Made in China’ ဟုတံဆိပ်ပြောင်းလဲကပ်ရန် အမေရိကန်နိုင်ငံအစိုးရကကြေညာခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Finbarr Bermingham က “City’s U.S. Exports to be Relabelled ‘Made in China’” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ဟောင်ကောင်ဒေသ၏ ၁၉၉၂ ခုနှစ် နိုင်ငံရေးအက်ဥပဒေအား ခေတ္တဆိုင်းငံ့ ထားခြင်းနှင့် အမေရိကန်သမ္မတထရန့်၏ အမိန့်ထုတ်ပြန်ကြေညာချက် (Executive Order) ကြောင့်တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ပြည်မကြီးပို့ကုန်တင်ပို့သူများ အပေါ် ကောက်ခံသည့်အခွန်နှုန်းထားကို ဟောင်ကောင်ကုမ္ပဏီများမှလည်း တူညီစွာပေးဆောင်ရလိမ့်မည် ဖြစ်ကြောင်း၊ အဆိုပါ ကြေညာချက် ထုတ်ပြန်ပြီး (၄၅) ရက်အကြာတွင် ဟောင်ကောင်ထုတ်ကုန် ပစ္စည်းများထုတ်လုပ်သည့် ပင်ရင်းနိုင်ငံမှာ တရုတ်နိုင်ငံဟုဖော်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းမှာ ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ကြာရှည်ရပ်တည် နိုင်ခြင်းမရှိဘဲတရုတ်ပြည်မကြီးနှင့် ခွဲခြားထားမှုအားတူညီအောင်ညှိပေးရာရောက်မည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကုန်ပစ္စည်းများအနေဖြင့် အမေရိကန်ဆိပ်ကမ်း တွင် အခွန် (၁၀) ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ သီးခြားအဖွဲ့ဝင် ဖြစ်သောကြောင့် အဆိုပါအခွန်ကောက်ခံမှုသတ်မှတ်ချက်များမှာ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တွင် ရှုပ်ထွေးနိုင်သည်ဟု ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်နိုင်ငံအပါအဝင် မိတ်ဖက်အဖွဲ့ဝင်များအားလုံးကို ထိခိုက်စေနိုင်ကြောင်း၊ အမေရိကန်သည် ဟောင်ကောင် ဒေသအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သီးခြားအဖွဲ့ဝင်ဖြစ်သည် ကိုလစ်လျူရှုရာ‌ရောက်ကြောင်း၊ ဟောင်ကောင်ဒေသအစိုးရအနေဖြင့်လည်း ဟောင်ကောင်ဒေသ၏ အကျိုးစီးပွားကိုကာကွယ်နိုင်ရန်အတွက် လိုအပ်လျှင်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းစည်းကမ်း များအရ ဆောင်ရွက် သွားမည်မဟုတ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်အနေဖြင့် အမေရိကန်နှင့် ကုန်သွယ်မှုတွင် လိုငွေရှိကြောင်း၊ ဟောင်ကောင်မှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုတွင် ၂၀၁၉ ခုနှစ်တွင် (၁၆) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၂၆) ဘီလီယံနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိ (၂၂.၃) ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသမှာ ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရန် အချက်အချာကျ သည့်ဒေသအဖြစ် ထင်ရှားကြောင်း၊ ယခုအခါ ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့်ကုန်စည်များအား (၁) ရာခိုင်နှုန်း တင်ပို့လျှင်ပင် တရုတ်ပြည်မကြီးကဲ့သို့ အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်‌ဒေသ၌ထုတ်လုပ်သည်ဖြစ်စေ၊ ပြန်လည်ပြင်ဆင် ထုတ်လုပ်သည်ဖြစ်စေ အမေရိကန် မှ တရုတ်ပြည်မကြီးအပေါ် သတ်မှတ်ထား သောအပိုင်း (၃၀၁) အခွန်ကောက်ခံမှုအရ ပေး‌ဆောင်ရ မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ် တွင် (၉.၁) ရာခိုင်နှုန်းနှင့် ဒုတိယလေးလပတ်တွင် (၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာ (၅၅၀) ဘီလီယံ တန်ဖိုးရှိ တရုတ် ကုန်စည်များအပေါ် ယခုလက်ရှိတွင် အမေရိကန်မှ အခွန်ကောက်ခံလျှက်ရှိပြီး ဟောင်ကောင်၌ထုတ်လုပ်သည့် ကုန်စည်များအပေါ် အခွန် ကောက်ခံမှုကြောင့် အနည်းငယ်ပိုမိုများပြားလာနိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၏ ပို့ကုန်ထိန်းချုပ်ရာရောက်ပြီး၊ အမေရိကန်မှ နည်းပညာ များကို ဟောင်ကောင်ဒေသသို့ တင်သွင်းသူများအတွက်လည်း အခက်အခဲဖြစ်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသရှိ အချို့သောနည်းပညာကုမ္ပဏီ များ၏ဈေးကွက်မှာ အမေရိကန်နိုင်ငံ၌ အနည်းငယ်သာရှိပြီး တရုတ်ပြည်မကြီးနှင့် ဥရောပနိုင်ငံတို့တွင် အများအပြားရှိကြောင်း၊ တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် အချို့ကုန်စည်များကို အမေရိကန်အပြင် အခြားဒေသများစွာသို့ တင်ပို့နိုင်ရန်လည်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ သို့သော် အမေရိကန်သမ္မတထရန့်၏ မူဝါဒနှင့်ကန့်သတ်ပိတ်ပင်မှုများအတွက်လည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းရေးသား ဖော်ပြထား ပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News