International News

အဆင့်မြင့်နည်းပညာအချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်မည့် ဒေသတွင်းစီမံချက်အပေါ် ရိုက်ခတ်နေသည့် အခက်အခဲများ

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်းရှိ မဟာပင်လယ်ကွေ့ဒေသနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရာတွင် မဟာပင်လယ်ကွေ့ဒေသ (Greater Bay Area-GBA) ကို အဆင့်မြင့် နည်းပညာအချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်မည့် ပေကျင်း၏စီမံချက် နှေးကွေးနေမှုမှာ သု‌တေသနလုပ်ငန်း များ လုံလောက်စွာပြုလုပ်နိုင်ခြင်းမရှိခြင်း၊ GBA ဒေသတွင်ပါဝင်သည့် မြို့ကြီးများအကြား ထူးချွန်ထက်မြတ်သည့်ပညာရှင်များနှင့် ငွေသားစီးဆင်းမှုများအတွက် ပူးပေါင်းဆောင်ရွက်မှုများ နည်းပါးခြင်းကြောင့် နှင့် သိပ္ပံနှင့် နည်းပညာအခြေခံအဆောက်အအုံများ မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတကာတီထွင်ဆန်းသစ်မှုများအားဆွဲဆောင်မှုများတိုးပွားရန် လိုအပ်လျက်ရှိ ကြောင်း၊ ဟောင်ကောင်နှင့် မကာအိုဒေသတို့၌ သိပ္ပံနှင့်နည်းပညာသုတေသနဖွံ့ဖြိုးတိုးတက်မှုများမရှိကြောင်း၊ အဆိုပါတွေ့ရှိချက်များကို အမျိုးသားနိုင်ငံရေး အကြံပေး အဖွဲ့အစည်းအ‌ဝေး၌ ဟောင်ကောင်၊  မကာအို၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံပြင်ပရှိ တရုတ်ကော်မတီများ၏အကြီးအကဲနှင့် ကွမ်တုံးပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ Mr.Zhu Xiaodan ကတင်ပြခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Matt Ho က“ Problem hit regional plans for hi-tech hub” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

တရုတ်လူမျိုးနိုင်ငံ‌ရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဥက္ကဋ္ဌ ဖြစ်သူ Wang Yang ကလည်း နယ်မြေများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင် မှုဗဟိုဌာနအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

GBA ဒေသတွင်ပါဝင်သည့် တူညီမှုများရှိသည့်မြို့များအကြား ယှဉ်ပြိုင်မှုများနှင့် အရင်းအမြစ် ကွာဟချက်များကြောင့် အခက်အခဲများဖြစ်စေ ကြောင်း၊ တီထွင် ဆန်းသစ်မှုနည်းပညာစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ကန့်သတ်ချက်များ ရှိနေကြောင်း၊ နယ်စပ်ဖြတ်ကျော် သုတေသနဖွံ့ဖြိုး တိုးတက်ရေးအတွက် ရန်ပုံငွေများ မရှိခြင်း၊ ဥပ‌ဒေနှင့် နည်းဥပဒေများ သဟဇာတ မဖြစ်ခြင်း၊ ကျွမ်းကျင် ပညာရှင်များ၏ အရည်အသွေးကို အပြန်အလှန် အသိအမှတ် မပြုခြင်း၊ အသိဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်‌ပေးရေး အုပ်ချူပ်မှုစနစ် မရှိခြင်း တို့ကြောင့်လည်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကော်မတီမှထောက်ခံပေးခဲ့သည့် မြို့ကြီးများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အမျိုးသားဥပဒေပြု လွှတ်တော်မှ အတည်ပြုမည့် ပေကျင်း၏ (၅) နှစ်စီမံကိန်းတွင် သိပ္ပံနည်းကျ အခြေခံအဆောက်အအုံ များစီမံချက်တွင် ပါဝင်နိုင်ရန် တောင်းဆိုခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော် ‌ငွေကြေးကဏ္ဍ တိုးတက်ရန် ဘဏ်ငွေချေးလုပ်ငန်းနှင့် ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှုပ်နှံမှုများကို ဟောင်ကောင်နှင့် ရှန်းကျန့် နယ်စပ်ရှိ Lok Ma Chau Loop-Qianhai ၊ မကာအိုနှင့်ကျူးဟိုင်ဒေသတို့အကြားရှိ ဟန်ကျင်း (Hengqin) နှင့် ကွမ်ကျိုးရှိ Nansha Huangpu  တို့၌ အားပေးဆောင်ရွက် သင့်ကြောင်း၊ အဆိုပါဒေသများ၌ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးရန်ပုံငွေများအတွက် ဖြစ်နိုင် ချေရှိသည့် အခြေအနေများကို အာဏာပိုင်အဖွဲ့များကလည်း လေ့လာဆောင်ရွက်သင့်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News