International News

အမေရိကန်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI ) အထောက်အပံ့ကိုညွှန်းဆို

Last Updated:

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် Michael George DeSombre က ထိုင်းနိုင်ငံ၏ ကပ်ရောဂါအပေါ် တုန့်ပြန်မှုကို ချီးကျူးရင်း အမေရိကန် ပုဂ္ဂလိက ထုတ်လုပ်သူများကို ထိုင်းနိုင်ငံသို့ ထုတ်လုပ်မှု အခြေစိုက်စခန်းများအဖြစ် ပိုမိုရွှေ့ပြောင်းလာစေရေး ကူညီပေးရန်ကတိပြုခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့ (၁၃-၅-၂၀၂၀ရက်နေ့) က အမေရိကန်သံအမတ်သစ်၏ ဂါရဝပြုတွေ့ဆုံပွဲအပြီးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin Laksanawisit က အမေရိကန်နိုင်ငံသည်ထိုင်းနိုင်ငံ၏ ကပ်ရောဂါဖြစ်ပွားမှုအပေါ် တုန့်ပြန်မှုများကိုချီးကျူးခဲ့ကြောင်း၊ ၎င်းက နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအတွက် ပို၍ ဆွဲဆောင်မှုကို ဖြစ်စေကြောင်းပြောကြားခဲ့ပါသည်။

Mr.JurinကMr.Desombre အား အမေရိကန်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအား အမေရိကန်၏ စောင့်ကြည့်စာရင်း (US’s watch list)မှ ဖယ်ရှားပေးရန်အတွက် ထိုင်းနိုင်ငံနှင့် ဉာဏပစ္စည်းမူပိုင်ခွင့် (Intellectual property) ကိစ္စရပ်တွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း ကိုးကားပြောကြားခဲ့ပါသည်။ ဧပြီလ(၂၉) ရက်တွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က ထိုင်းနိုင်ငံအား ၂၀၁၇ ခုနှစ်တွင် ဉီးစားပေးစောင့်ကြည့်စာရင်းမှ  ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း လေးနှစ် ဆက်တိုက် ၎င်းတို့၏ စောင့်ကြည့်စာရင်းတွင် ဆက်ထည့်ထားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

အမေရိကန်အာဏာပိုင်များအနေဖြင့် တစ်ကဲ့ဈေးများနှင့် Virtual ဈေးကွက်များတွင် ရောင်းချနေသော ကုန်ပစ္စည်းအတုအပများအတွက် စိုးရိမ်နေဆဲဖြစ်ပါသည်။ အမေရိကန်အနေဖြင့် ဗန်ကောက်၊ ဆီလွန်လမ်းရှိ ပက်ပုန်း (Patpong) ဈေးနှင့် လူကြိုက်များခေတ်စားနေသော အွန်လိုင်းရောင်းဝယ်မှု ပလက်ဖေါင်းတစ်ခုဖြစ်သည့် Shopee.co.th အား ပိုမိုနီးကပ်စွာ စောင့်ကြည့် စုံစမ်းပေးရန်တောင်းဆိုခဲ့ပါသည်။

‌ထိုင်းနိုင်ငံအနေဖြင့် စောင့်ကြည့်စာရင်းပါနိုင်ငံ (၂၃) နိုင်ငံထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အခြားနိုင်ငံများထဲတွင် ပါကစ္စတန်၊ ရိုမေးနီးယား၊ ဘရာဇီးနှင့် ကနေဒါ တို့လည်း ပါဝင်ကြပါသည်။

Mr. Jurin ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်အား ထိုင်းနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ရာဘာ၊ ဆန်၊ အစားအစာ၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ဒီဂျစ်တယ်ပါဝင်ပစ္စည်း (Digital Content) များအား ပိုမိုတင်သွင်းပေးရန် လည်းတိုက်တွန်းခဲ့ပါသည်။ ၎င်းက အဖျော်ယမကာ၊ သစ်သီးဝလံများနှင့် အခြားပုပ်သိုးပျက်ဆီးလွယ်သော ကုန်ပစ္စည်းများကဲ့သို့သော ထိုင်းထုတ်ကုန်ပစ္စည်းများတင်ပို့မှု လွယ်ကူချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ဆိပ်ကမ်းစည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျှော့ပေးရန်တောင်းဆိုခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် တရုတ်နှင့်ဂျပန်ပြီးပါက ထိုင်းနိုင်ငံ၏ တတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၂၀၁၉ခုနှစ်တွင်နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ (၄၈.၆) ဘီလီယံရှိပါသည်။ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့် ယမန်နှစ်က ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁၄) ဘီလီယံ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News