International News

အမေရိကန်သမ္မတ Donald Trump က ကိုရီးယားသမ္မတနိုင်ငံကို G7 ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားရန် ဆန္ဒရှိနေခြင်းနှင့် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံနှင့် ကုန်သွယ်မှု မဟာမိတ် နိုင်ငံတို့၏ပဋိပက္ခအကြား ရပ်တည်ရန် ခက်ခဲနေသည့်အခြေအနေ

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လနှောင်းပိုင်းတွင် ဆောင်ရွက်ရန် မူလကစီစဉ်ထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်သော Group 7 (သို့မဟုတ်) G7 Summit ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံကို ဖိတ်ကြားသွားရန်စီစဉ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ Mr. Donald Trump က ပြောကြားခဲ့ကြောင်း၊ ယင်းအနေဖြင့် G7 Summit ကိုရွှေ့ဆိုင်းလိုက်ခြင်းမှာ လက်ရှိ G7 အဖွဲ့အနေဖြင့် ယခုကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသောအခြေအနေများအတွက် သင့်လျော်သောရပ်တည်မှုတစ်ခုအဖြစ် ရှိနေနိုင်သည်ဟု မထင်မိသောကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် G7 သည် စက်မှုနိုင်ငံများဖြင့်ဖွဲ့စည်းထားပြီး ခေတ်မမီတော့ကြောင်း၊ ယင်းအဖွဲ့ကို တိုးချဲ့ခြင်းကို အပြည့်အဝထောက်ခံကြောင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဖိတ်ကြားသွားမည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

G 7 သည် ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍတွင် ဦးဆောင်လျက်ရှိသောနိုင်ငံများဖြင့်သာ ဖွဲ့စည်းထားသည်ဖြစ်ရာ ယခုအခါကုန်ထုတ် လုပ်မှုအားကောင်းသည့် တောင်ကိုရီး ယားနှင့် အိန္ဒိယနိုင်ငံများကို အမေရိကန်နိုင်ငံအနေဖြင့် ထည့်သွင်းဖိတ်ကြားလာသည်ကိုကြည့်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုတွင် ကုန်ထုတ်လုပ်မှု၏ ကဏ္ဍသည်လွန်စွာ အရေးပါခြင်းကို အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်းလည်း အချို့သော ပညာရှင်များက သုံးသပ်ကြပါသည်။

အမေရိကန်သမ္မတ Mr. Donald Trump က ၄င်း၏အုပ်ချုပ်ရေးအဖွဲ့အား ဟောင်ကောင်အတွက် အမေရိကန်၏အထူးကုစားရေးအစီအစဉ်များအဆုံးသတ်ခြင်းစတင်ရန် နှင့် ဟောင်ကောင်၏တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စု၏ လုပ်ပိုင်ခွင့်ကိုကျော်လွန်ထိန်းချုပ်သော အမျိုးသားလုံခြုံရေးဉပဒေအငြင်းပွားမှုတွင် ပါဝင်နေ သည့် တရုတ်အရာရှိများအား ပိတ်ပင်မှုများကိုပြုလုပ်သွားရန်အတွက်အမိန့်ပေးခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ၄င်းတို့ထုတ်ထားသော One Country, Two Systems ဖော်မြူလာကို One Country, One system နှင့် အစားထိုးနေကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံ နှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အကြား ဆက်ဆံရေး ကိုလည်း တရုတ်နိုင်ငံက World Health Organization (WHO) ကို ကျော်လွန်ထိန်းချုပ်နေသည့်အတွက် ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်နေမှုများကို ရပ်တန့်သွားရန်နှင့် အကယ်၍ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည့် တန်ပြန်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့ဖြစ်ရာ လက်ရှိအနေအထားများအရ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံဖြစ်သော အမေရိကန်နှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံတို့အကြားတွင် ရပ်တည်မှုခက်ခဲနေကြောင်း လေ့လာတွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် ယခုနှစ်တွင် G7 Summit ကို အလှည့်ကျ ကျင်းပရမည်ဖြစ်ပြီး၊ အမေရိကန်သမ္မတ အနေဖြင့်  ၂၀၂၀  ပြည့်နှစ်၊ မတ်လတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မျက်နှာစုံညီပြုလုပ်သည့် Summit ကိုဖျက်သိမ်းခဲ့ပြီး ၄င်းအစား Videoconference ဖြင့်အစားထိုးပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း၊ မေလ(၂၀)ရက်နေ့ ၄င်း၏ tweeter စာမျက်နှာတွင် G7 အစည်းအဝေးအား ဇွန်လတွင် Maryland, Camp David ၌ ကျင်းပသွားရန် ဖော်ပြထားပြီးသော်လည်း G7 ခေါင်းဆောင်များ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စိုးရိမ်ပူပန်မှုများနှင့်အတူ ၄င်းတို့ထံမှ တုန့်ပြန်မှုများစွာကိုလည်း တွေ့ရှိနေရသည့်အတွက်အစည်း အဝေးကိုရွှေ့ဆိုင်းရန် အဆိုပြုပြီးနောက် G7 Summit ကို နယူးယောက်မြို့၌ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပပြုလုပ်မည့်အချိန် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ (သို့မဟုတ်) အမေရိကန်သမ္မတ ရွေးချယ်ပွဲပြုလုပ်မည့်  ၂၀၂၀  ပြည့်နှစ်၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကျင်းပသွားနိုင်‌သည်ဟု အမေရိကန်သမ္မတ ကပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News