International News

အမေရိကန်အခြေစိုက် Blackstone Group Inc. က ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားနေ

Last Updated:

အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Blackstone Group Inc. သည် ကိုရိုနာကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်လည် နာလန်ထူလာရေးမျှော်တွေးကာ ဂျပန်နိုင်ငံရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများတွင် inbound tourism ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ ကြောင်းသိရပါသည်။

အဆိုပါ Blackstone အုပ်စုအနေဖြင့် လက်ရှိပြန့်ပွားနေသည့် ကိုရိုနာကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအလားအလာ တိုးတက်လာမှုအတွက် နောက်ထပ် ၂ နှစ် သို့မဟုတ် ၃ နှစ်ကြာခန့်အထိ အချိန်ယူရမည်ဟု ခန့်မှန်းထားပါသည်။  ခရီးသွားလုပ်ငန်းအပြင် ကျန်းမာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများသည် ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာရှိသည့် လုပ်ငန်းများဖြစ်ကြပြီး Blackstone အနေဖြင့် ၎င်းလုပ်ငန်းကဏ္ဍ ၃ ရပ်တွင် တစ်နှစ် လျှင် ယန်း ၁၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း သိရပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ကိုရိုနာကပ်ရောဂါပြန့်ပွားမှုမှ တားဆီးကာကွယ် ရန် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေငြာခဲ့သည့်အတွက် ဂျပန်နိုင်ငံ အတွင်း ပြည်ပမှ ခရီးသွားများ ဝင်ရောက်မှုသည် ၉၉.၉ % အထိ ကျဆင်းခဲ့ပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းလုပ်ငန်းနှင့် ပွဲလမ်းသဘင်အခမ်းအနားစီစဉ်မှုဆိုင်ရာ စီးပွားရေး လုပ်ငန်းများ အလွန်အထိနာခဲ့ရပါသည်။

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးအဖွဲ့အစည်းပိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ကိုရိုနာကပ်ရောဂါ ကုသဆေး ဖွံ့ဖြိုးတိုးတက်လာမှုသည် လက်ရှိအကျပ်အတည်းကို  တိုးတက် ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များကို တွန်းအား ပေးပြောကြားခဲ့ပါသည်။

တည်းခိုနေထိုင်ရေးစီးပွားရေးလုပ်ငန်းများနှင့် ပြည်ပခရီးသွားများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ပံ့ပိုးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် Blackstone က အခွင့်အလမ်းများရှာဖွေနေပြီး ကမ္ဘာ့တစ်လွှား ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ထားမှုများ၏ အခြေအနေကို မျက်ခြည်မပြတ် အကဲခတ်နေကြောင်း သိရပါသည်။

တိုကျိုမြို့တွင် အခြေစိုက်သည့် Blackstone's Private Equity Group ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Atsuhiko Sakamoto က ၎င်းတို့အနေဖြင့် လုပ်ငန်းပြန်လည် နာလန်ထူရန် အလားအလာရှိသည့် စီးပွားရေးလုပ်ငန်းများတွင် ဘဏ္ဍာရေးပံ့ပိုးဖြည့်တင်းပြီး ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် စဉ်းစားနေပါကြောင်း ဆိုပါသည်။

Blackstone သည် ၂၀၁၉ ခုနှစ်မှ အစပြု၍ နောင်ငါးနှစ်ကျော်ခန့်အထိ ဂျပန်ကုမ္ပဏီများတွင် စုစုပေါင်း ယန်း ၅၀၀ ဘီလီယံ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်းသိရပါသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် Blackstone အနေဖြင့် တိုကျိုအခြေစိုက် အလတ်စားစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော ဆေးဝါးကုမ္ပဏီ Ayumi Pharmaceutical Corp., ကို ယန်း ၁၀၀ဘီလီယံခန့်ဖြင့်ဝယ်ယူကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: International News