International News

အသေးစား အခွန်ထမ်းများအတွက် အထူးအခွင့်အရေးပေးသည့်အခွန်မူဝါဒအား ယခုနှစ်ကုန်တိုင်အောင် တိုးမြှင့်ပေးထား

Last Updated:

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အခွန်စီမံခန့်ခွဲရေးတို့က တရုတ်တစ်နိုင်ငံလုံးရှိ အသေးစားအခွန်ထမ်းများအတွက် အထူးအခွင့်အရေးပေးသည့် တန်ဖိုးဖြည့်အခွန် (VAT) မူဝါဒအား ယခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ တိုးမြှင့်ပေးလိုက်ကြောင်း မေလ (၇) ရက်နေ့တွင် ကြေငြာလိုက်ပါသည်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အထူးအခွင့်အရေးပေးသော VAT မူဝါဒမှာ မေလ (၃၁) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ယခုကဲ့သို့ ထပ်မံသက်တမ်းတိုးပေးခြင်း ဖြစ်ပါသည်။ 

၎င်းမူဝါဒမှာ ကပ်ရောဂါအဓိကဖြစ်ပွားခဲ့ရာ ဟူပေပြည်နယ်မှ အသေးစားအခွန် ထမ်းများအတွက်နှင့် ဟူပေပြည်နယ်ပြည်ပမှ အသေးစားအခွန်ထမ်းများအတွက်ဟူ၍ နှစ်ပိုင်းရှိပါသည်။  ဟူပေပြည်နယ်အတွင်းမှ အသေးစားအခွန်ထမ်းများအတွက် VAT (၃) ရာခိုင်နှုန်းကောက်ခံမှုမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။ ဟူပေပြည်နယ်ပြင်ပ မှ အသေးစားအခွန်ထမ်းများအတွက်  VAT အား (၃) ရာခိုင်နှုန်း ကောက်ခံမှုမှ (၁) ရာခိုင်နှုန်းလျှော့ပေါ့ပေးမည်ဖြစ်ပါသည်။

ကြေငြာချက်များမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း စီးပွားရေးလုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်စေရန် တသီးပုဂ္ဂလလုပ်ငန်းများနှင့် အငယ်စားနှင့် အသေးစားလုပ်ငန်းများကို ပံ့ပိုးကူညီရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။ တန်ဖိုးဖြည့်အခွန် ကင်းလွတ်ခွင့်အား နောက်ထပ် (၇) လ တိုးမြှင့်ပေးလိုက်သဖြင့် အသေးစား လုပ်ငန်းများ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည်ဖြစ်ကာ အလုပ်အကိုင်များကို မြှင့်တင်ပေး နိုင်မည်ဟု မျှော်လင့်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Briefing (၉-၅-၂၀၂၀)

Category: International News