အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)သည် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် အာရှနိုင်ငံ(၁၀)နိုင်ငံ ပေါင်းစုထားသည့် ကုန်သွယ် ရေးအုပ်စု (Trade Bloc) တစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သောနှစ် ၂၀ ကာလအတွင်း အာဆီယံ၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ (၆၀၀) ဘီလီယံရှိခဲ့ရာမှ တစ်စတစ်စတိုးတက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အရောက်တွင် အမေရိကန်ဒေါ်လာ (၃၃၀၀) ဘီလီယံသို့ တိုးတက်လာခဲ့ပါသည်။ ၂၀၂၆ ခုနှစ်ကို မှန်းမျှော်ကြည့်မည်ဆိုပါက အာဆီယံ၏ ဂျီဒီပီသည် နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းခန့် ရှိလာမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄၈၀၀) ဘီလီယံသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။ ထိုခန့်မှန်းတွက်ချက်မှုများအတိုင်း ဖြစ်လာမည်ဆိုပါက အာဆီယံသည် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဂျာမနီနိုင်ငံတို့ပြီးလျှင် ကမ္ဘာ့စီးပွားရေးအင်အားအတောင့်တင်းဆုံး (၅) နိုင်ငံအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများစွာရှိသည့်အနက် လူဦးရေတိုးတက်မှုနှုန်းတွင် လူငယ်လူရွယ်များ များစွာပါဝင်နေခြင်းသည် အားရ ကျေနပ်ဖွယ်ကောင်းသော အချက်တစ်ခုဖြစ်ပါသည်။ လက်ရှိအခြေအနေအရ တစ်နှစ်လျှင် လူဦးရေ (၆) သန်းဝန်းကျင်ခန့် တိုးတက်လျက်ရှိပြီး ၆၀ ရာခိုင်နှုန်းဝန်းကျင်မှာ အသက် ၃၅ နှစ် အောက် လူငယ်လူရွယ်များ ဖြစ်ပါသည်။ အာဆီယံ၏ Outward-looking Trade Policy သည်လည်း အရေးကြီးသော မောင်းနှင်အား တစ်ခုဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်အနှောင်းပိုင်းတွင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership - RCEP) ကို အခြားသော အိမ်နီးခြင်းအာရှနိုင်ငံများနှင့်အတူ လက်မှတ်ရေးထိုးနိုင်ခဲ့ ကြပါသည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားသည်လည်း ပစိဖိတ်ဖြတ်ကျော် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership -CPTPP) တွင်လည်း ပါဝင်လာခဲ့ကြပါသည်။ ထိုကုန်သွယ်ရေးမူဝါဒသည် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အခြေစိုက် လုပ်ကိုင်လာရန်အတွက် အားပေးမြှင့်တင် ပေးလျက်ရှိပြီး တရုတ်နိုင်ငံမှ ပြောင်းရွှေ့အခြေစိုက်လိုသည့် လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများကို လုံခြုံစိတ်ချစေပါသည်။ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိသေးသော မြန်မာနိုင်ငံမှလွဲ၍ ကျန် နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေပါသည်။ ဆိုလို သည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်းရာတွင် ကွာဟမှုကြီးမား နေမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ကုန်တွင် ၁.၃ ရာခိုင်နှုန်းခန့် ကျုံ့သွား နိုင်သည်ဟု လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြပြီး ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် ၆.၉ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၆.၇ ရာခိုင်နှုန်းခန့် အသီးသီးတိုးတက်လာမည်ဟု ခန့်မှန်းထားကြပါသည်။
ထို့ပြင် အာဆီယံသည် ၎င်း၏ စီးပွားရေးအလားအလာကောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ရန်အတွက် အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ အလွန်အရေးကြီး သော လုပ်ငန်းတစ်ခုမှာ အာဆီယံဒေသတွင်း ဈေးကွက်ကို ပိုမိုကြီးမားကျယ်ပြန့်လာစေရန်အတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အကောက်ခွန်စည်းကြပ်မှု အများအပြားကို ပယ်ဖျက်လိုက်သော်လည်း အကောက်ခွန်မဟုတ်သော အတားအဆီးများစွာ ကျန်ရှိနေဆဲ ဖြစ်သည့်အပြင် အာဆီယံသည် ဥရောပသမဂ္ဂနှင့် မြောက်အမေရိကကုန်သွယ်မှု သဘောတူညီချက် (North American Free Trade Agreement-NAFTA) ကဲ့သို့သော အခြားကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့်နှိုင်းယှဉ်ကြည့်ပါက စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားနည်းသော အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။ အာဆီယံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိမှုတွင် တိုးတက်လာသော်လည်း ဒေသတွင်း အပူပိုင်း မုန်တိုင်းများနှင့် အခြားဆိုးရွားသော ရာသီဥတု ဖောက်ပြန်မှုများကို ကြုံတွေ့နေရပါသည်။ ထို့အပြင် အာဆီယံအနေဖြင့် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား သဘောထားတင်းမာမှုများ တိုးလာနေသည့် အခြေအနေတွင် ထိုနှစ်နိုင်ငံနှင့် ကောင်းမွန်သော ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းထားရန်မှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေပါ သည်။
Source: Focus Economic July 2022
ဦးမေအောင်လိန်း