International News

အိန္ဒိယနိုင်ငံ၌ ကျိုင်းကောင်အန္တရာယ် ထိန်းချုပ်ဆောင်ရွက်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ ကျရောက်လျက်ရှိသော ကန္တာရကျိုင်းကောင်အုပ်များ၏ အန္တရာယ်အား ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအာဏာပိုင်အဖွဲ့အစည်းများက တားဆီး ထိန်းချုပ်ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်၍ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၁၄.၇.၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်၌ ရာဂျပ်စတန်၊ မဒရာပရာဒေ့ရှ်၊ ပန်ဂျပ်၊ ဂူဂျရတ်၊ ဥတာပရာဒေ့ရှ်နှင့် ဟာရီရာနာပြည်နယ်များ၌ ကျိုင်း ကောင်ထိန်းချုပ်ရေးဒေသန္တရရုံးများက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်မှ ဇူလိုင်လ ၁၂ ရက်နေ့အတွင်း ဧရိယာ ၁၆၀၆၅၈ ဟက် တာတွင် ကျိုင်းကောင်နှိမ်နင်းမှုလုပ်ငန်းများကို အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းပြည်နယ် ၆ ခုနှင့် မဟာရတ္ထ၊ ချဟတ္တဂါနှင့် ဘီဟာပြည်နယ်များတွင် ဇူလိုင်လ ၁၂ ရက်အထိ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ကျိုင်းကောင်နှိမ်နင်းမှုအား ဆောင်ရွက်ခဲ့ရာ ဧရိယာ ၁၃၆၇၈၁ ဟက်တာအား လွှမ်းခြုံမှုရှိ ကြောင်း၊ လက်ရှိကာလ၌ ရာဂျပ်စတန်၊ မဒရာပရာဒေ့ရှ်၊ ဂူဂျရတ်နှင့် ဥတာပရာဒေ့ရှ်ပြည်နယ် ၄ ခုတွင် ကျိုင်းကောင်ထိန်းချုပ်နှိမ်နင်းရေးအဖွဲ့ပေါင်း ၆၀ အားဖွဲ့စည်းထား ရှိပြီး ဆေးဖြန်းယာဉ်များနှင့် အခြားလိုအပ်သော ကိရိယာများဖြည့်ဆည်းလျက် နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဗဟို အစိုးရမှစေလွှတ်ထားသည့် ပိုးသတ်မှိုင်းတိုက်ကျွမ်းကျင်သူ ၂၀၀ ကျော်သည်လည်း အဆိုပါ ကျိုင်းကောင်နှိမ်နင်းမှုလုပ်ငန်းများ တွင် ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း၊ လိုအပ်ပါက အင်အားဖြည့်ဆည်းနိုင်ရန်အတွက် ပိုးသတ်ယာဉ် ၅၅ စီးကိုဝယ်ယူလျက် အရန်သင့်ထားရှိကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ကျိုင်းကောင်ထိန်းချုပ်ရေး ဒေသန္တရရုံးများသည် ဇူလိုင်လ ၁၂-၁၃ ရက် အကူးအပြောင်း ညပိုင်း၌ ရာဂျပ်စတန်ပြည်နယ်အတွင်း ခရိုင် ၇ ခုရှိ နေရာ ဒေသ ၂၆ ခုတွင် နှိမ်နင်းရှင်းလင်းရေးလုပ်ငန်းများကို တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ကြကြောင်း၊ အလားတူ ဥတာပရာဒေ့ရှ်နှင့် ဟာရီရာနာ ပြည်နယ်တို့ရှိ နေရာဒေသ ၇ ခုတွင် ပြန့်ကျဲလျက်ရှိသည့် ကျိုင်းကောင် အုပ်စုငယ်များအား ဇူလိုင် ‌၁၂ ရက်နေ့ည၌ ဗဟိုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် နှိမ်နင်းရှင်းလင်းမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရာဂျပ်စတန်ပြည်နယ်အတွင်း ကန္တာရကျိုင်းကောင်အုပ်များအား ထိန်းချုပ်နှိမ်နင်းရာတွင် မြင့်မားသောသစ်ပင်ထိပ်ဖျားများနှင့် ပိုးသတ်ဆေးဖြန်းရန် ခက်ခဲမှုရှိသောနေရာများ၌ ကုမ္ပဏီ ၅ ခုမှ ဒရုန်းယာဉ် များအသုံးပြု၍ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ရာဂျပ်စတန်ပြည်နယ်ရှိ ပိုးမွှားကာကွယ်ထိန်းချုပ်ရေး ကန္တာရနယ်မြေအတွင်း Bell အမျိုးအစားရဟတ်ယာဉ်ကို အသုံးပြုလျက် ပိုးသတ်ဆေးဖြန်း ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး အိန္ဒိယလေတပ်ကလည်း ကျိုင်းကောင်အုပ်စုများအခြေအနေ စစ်ဆေးကြည့်ရှုမှု လုပ်ငန်းများ၌ ရဟတ်ယာဉ်များဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ရာဂျပ်စတန်၊ ဥတာပရာ ဒေ့ရှ်နှင့် ဟာရီရာနာပြည်နယ်တို့တွင် အရွယ်မရောက်‌သေးသော ပန်းရောင်ကျိုင်းကောင်အုပ်စုများနှင့် အရွယ်ရောက်ပြီးသော အဝါရောင်ကျိုင်းကောင်အုပ်စုများ ဝင် ရောက်မှုရှိကြောင်း၊ ရာဂျပ်စတန်ပြည် နယ်ရှိ ခရိုင်အချို့၌ သီးနှံစိုက်ခင်းအနည်းငယ် ထိခိုက်မှုရှိသည်မှအပ အခြားပြည်နယ် များတွင် စိုက်ခင်းများထိခိုက်ပျက်စီးသည်ဟု သတင်းပေးပို့မှုတစ်စုံတစ်ရာမျှမရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏သတင်း ထုတ်ပြန်ချက်၌ ဖော်ပြပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ၃.၇.၂၀၂၀ နေ့တွင်ဖော်ပြခဲ့သည့် ကန္တာရကျိုင်းကောင်အုပ်စုများ အခြေအနေ အစီရင်ခံစာအရ နွေဦးရာသီ၌ပေါက်ဖွားသည့် ကျိုင်းကောင်အုပ်စုများသည် မုတ်သုံရာသီမတိုင်မီကာလ၌ အိန္ဒိယ-ပါကစ္စတန် နယ် ခြားကိုဖြတ်ကျော်လျက် အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းနယ်စပ်ဒေသ၏ အရှေ့ဘက်နှင့် မြောက်ဘက်ရှိ ပြည်နယ်များသို့ ဆက်လက်ပျံသန်းသွားလာခဲ့ကြောင်း၊ အချို့သော ကျိုင်းကောင်အုပ်စုအနည်းငယ်သည် နီပေါနိုင်ငံအထိ ရောက်ရှိ ခဲ့ကြောင်း၊ မုတ်သုံရာသီစတင်မှုနှင့်အတူ ၎င်း ကျိုင်းကောင်အုပ်စုများသည် ရာဂျပ်စတန် ပြည်နယ်ဘက်သို့ ပြန်လည်ပြောင်းရွှေ့ ပျံသန်းလျက် ဇူလိုင်လလယ်ပိုင်းခန့်တွင် အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှတစ်ဆင့် ဝင်ရောက်လာမည့် အာဖရိကဦးချိုဒေသမှ ကျိုင်းကောင်အုပ်စုများနှင့် ပေါင်းစည်း ဖွယ်ရာရှိကြောင်း၊ ထို့နောက် ပါကစ္စတန်နှင့် အိန္ဒိယနယ်ခြားရှိ ကန္တာရဒေသများ၌ ပြန် လည်ဥချပေါက်ဖွားလျက် ဩဂုတ်လလယ်ပိုင်းခန့်တွင် နွေရာသီကျိုင်းကောင်အုပ်စု၏ ပထမမျိုးဆက်အဖြစ် ပေါ်ပေါက်ဖွယ်ရာရှိ ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Locust control operations carried out in around 3 lakh hectares area, 14 Jul 2020, Press Information Bureau of India

                   2. Continuous action is being taken to control locust swarms, 11 Jul 2020, Press Information Bureau of India

Category: International News