International News

အိန္ဒိယနိုင်ငံ၌ ခရိုင်တစ်ခုထုတ်ကုန်တစ်ခု အစီအစဉ်အား မြှင့်တင်ဆောင်ရွက်

Last Updated:

အိန္ဒိယနိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်၍ ပြည်ပသို့တင်ပို့နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာ အိန္ဒိယ စက်မှု လုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန (DPIIT) သည် ခရိုင်တစ်ခုထုတ်ကုန်တစ်ခု အစီအစဉ် (ODOP Initiative) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညီလာခံဆွေးနွေးပွဲကို ၂၁-၁-၂၀၂၂ နေ့၌ ကျင်းပခဲ့ပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၄-၁-၂၀၂၂ နေ့၌  သတင်းထုတ်ပြန်ရာတွင် အဆိုပါညီလာခံ၌ DPIIT ဌာနမှ အရန်အတွင်းဝန် Ms. Sumita Dawra က သဘာပတိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ပြည်နယ်/ ပြည်ထောင်စုနယ်မြေအစိုးရ အဖွဲ့များမှ အတွင်းဝန်များ၊ ပြည်နယ်များရှိ စက်မှုလုပ်ငန်းမြှင့်တင်ရေးဌာနများမှ တာဝန်ရှိသူများတက်ရောက်၍ ဆွေးနွေးခဲ့ကြ ကြောင်း၊ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်သည် သစ်ကြားသီးနှင့် ပန်းသီးတို့ကို ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု (ODOP) လုပ်ငန်းအဖြစ် Dubai Expo 2020 ၌ ပါဝင်ပြသလျက် ရောင်းသူ- ဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲများပြုလုပ်ခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဥတာပရာဒေ့ရှ်ပြည်နယ်သည်လည်း ၎င်း၏ခရိုင်များအားလုံးမှ လက်မှုအနုပညာ ရှင်များနှင့် ကုန်ထုတ်လုပ်သူများအတွက် ODOP အကောင်အထည်ဖော်ဆောင်မှုကို စံနမူနာပြလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ အလား တူ တြိပူရပြည်နယ်သည်လည်း ပြည်နယ်အစိုးရနှင့် ODOP အဖွဲ့များအကြား ပူးပေါင်းလုပ်ကိုင်မှုကို အောင်မြင်စွာဆောင်ရွက်နိုင် သည့် လမ်းပြမြေပုံအား ချမှတ်နိုင်ခဲ့ပြီး ခရိုင် ၈ ခုလုံးမှ ထုတ်ကုန် ၁ မျိုးစီအား ပြည်ပတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း DPIIT ဌာနရှိ အိန္ဒိယရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (Invest India) သည် ODOP လုပ်ငန်းများအတွက် ထုတ်ကုန်ဖွံ့ဖြိုးတိုး တက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် ကုန်သွယ်မှုလွယ်ကူ‌စေရေးအစီအမံများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရာဂျပ်စတန်ပြည်နယ် မှ Molela လက်မှုအနုပညာသည်များသို့ ဒီဇိုင်းရေးဆွဲမှု သင်တန်းပို့ချခြင်း၊ အာသံပြည်နယ်ရှိ Muga ပိုးထည်လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း၊ မီဂါလာရာပြည်နယ်ရှိ Lakadong နနွင်းတက်စိုက်ပျိုးထုတ်လုပ်သူများအတွက် နှစ်စဉ် ကုန်သွယ် မှုလွယ်ကူရေး ကူညီပံ့ပိုးခြင်းတို့ကို အဆိုပါ အေဂျင်စီက ဆောင်ရွက်ခဲ့ပြီး Dubai Expo 2020 ကဲ့သို့သော နိုင်ငံတကာ ကုန်စည်ပြပွဲ များတွင် ပို့ကုန်မြှင့်တင်ရေး ပါဝင်ပြသနိုင်ခဲ့ကြောင်း ဖော်ပြပါသည်။ 

အဆိုပါ ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု ညီလာခံဆွေးနွေးပွဲ၌ ODOP လုပ်ငန်းအစီအစဉ်အား ပြည်နယ်များမှ ချိတ်ဆက်ဆောင်ရွက်မည့် လမ်းပြမြေပုံကို ချမှတ်ခဲ့ကြောင်း၊ ပြည်နယ်များမှ ထုတ်ကုန်ရောင်းချလိုသူများ၏ အချက်အလက်များကို မျှဝေဖလှယ်၍ ဝယ်လက် များနှင့် ချိတ်ဆက်နိုင်ရေး ODOP လုပ်ငန်းအဖွဲ့များက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု လုပ်ငန်းများအား အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်နယ်တစ်ခုစီတွင် တာဝန်ယူဆောင်ရွက်မည့် အရာရှိ များကို ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယအစိုးရသည် ကျေးလက်ဒေသရှိ လက်မှုအနုပညာရှင်များ၏ ODOP လုပ်ငန်းအစီအစဉ်မှ ထုတ်ကုန်များကို အင်တာနက် ကွန်ယက်စနစ်၌ အခြေပြုရောင်းချနိုင်ရေးအတွက် e-commerce လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီကြီးများနှင့် ဆွေးနွေးဆောင် ရွက်လျက်ရှိပါသည်။ DPIIT ဌာနမှ ညွှန်ကြားရေးမှူး Mr. B. Ramanjaneyulu က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ODOP Initiative အား ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်‌ရေး ဆောင်ရွက်လျက်ရှိရာ ပြည်နယ်များရှိ စက်မှုလုပ်ငန်းဌာန များအနေဖြင့် တက်ကြွစွာ ပါဝင်ပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         'One District One Product' (ODOP) initiative of Centre, 24-1-2022, Press Information Bureau of India

Category: International News