International News

အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်မှစတင်၍ အီသနော ၂၀ ရာခိုင်နှုန်း ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချရန် စီစဉ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ အီသနောလောင်စာဆီရောစပ်မှု ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်လျက် ရှိရာ မော်တော်ယာဉ်အသစ်များအား ရောစပ်လောင်စာဆီနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ရောင်းချရမည်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် လက်ရှိ ထုတ်လုပ် ထားသော ဓာတ်ဆီသုံး မော်တော်ကားများကိုလည်း လိုက်ဖက်ညီသည့် လောင်စာစနစ် ပြန်လည်ပြုပြင် တပ်ဆင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။

အစိုးရအဖွဲ့စီးပွားရေးရာကော်မတီက အီသနောဈေးနှုန်းများအား မြှင့်တင်ရန် အတည်ပြုချမှတ်ခဲ့ပြီး နောက်တစ်ရက် ၁၁-၁၁-၂၀၂၁ နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အိန္ဒိယရေနံနှင့် သဘာဓာတ်ငွေ့ဝန်ကြီးဌာနမှ အတွင်းဝန် Mr. Tarun Kapoor က အစိုးရသည် အီသနောလောင်စာ ၂၀% ပါဝင်ရောစပ်ထားသည့် ဓာတ်ဆီ အရောအနှော (E20 blended petrol) အား မိတ်ဆက်အသုံးပြုခြင်းကို ၂၀၂၃ ခုနှစ်မှ အစပြုဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှစတင်၍ E20 ရောနှောဓာတ်ဆီ ကိုသာ ရောင်းချခွင့်ပြုရန် ရည်မှန်းချက်ချမှတ်ထားကြောင်း၊ ထိုသို့ အကူးအပြောင်းကာလအတွင်း စက်ဆုံးဆီဆိုင်များတွင် ၎င်း E20 ဓာတ်ဆီနှင့် အီသနော ၁၀% ပါဝင် သည့် E10 ဓာတ်ဆီတို့ကို ရောင်းချပေးလိမ့်မည်ဖြစ်ကြောင်း၊ E20 ဓာတ်ဆီသီးသန့်ရောင်းချသည့် အရောင်းဆိုင်များ ထားရှိမည်မဟုတ်ပဲ တည်ရှိပြီးသား စက်သုံးဆီ ဆိုင်များ မှ ဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများက အစိုးရ၏ အီသနောလောင်စာ ရောစပ်သုံးစွဲရေးအစီအစဉ်အပေါ် လိုက်ပါဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောဆို သကဲ့သို့ စိုးရိမ်ပူပန်ဖွယ် အချက်များလည်းရှိကြောင်း ဖော်ပြကြပါသည်။

အိန္ဒိယပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်ဝေစု ၅၀% ကျော်ရရှိထားသည့် Maruti Suzuki ကုမ္ပဏီသည် လက်ရှိကာလ၌ E10 ဓာတ်ဆီ နှင့် ကိုက်ညီသည့် မော်တော်ယာဉ်များထုတ်လုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် E20 ရောနှောဓာတ်ဆီနှင့် လိုက်လျောညီထွေမှုရှိစွာ ထုတ်လုပ်နိုင်မည့်အခြေအနေ ရှိပါသည်။ အဆိုပါကုမ္ပဏီမှ နည်းပညာဆိုင်ရာ အရာရှိချုပ် Mr. C V Raman က အစိုးရ၏ E10 နှင့် E20 ရောနှောဆီများအသုံးပြုရေး ရှေ့ရှုဆောင်ရွက်မှုတွင် လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သာမန်ဓာတ်ဆီနှင့် CNG တို့အပြင် ပြုပြင်ပြောင်းလဲလွယ်သည့် ရောနှောဆီ (flex fuel) စနစ်ကိုလည်း မော်တော် ယာဉ်ထုတ်လုပ်မှုလိုင်း၌ အစပြုထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုပါသည်။

သို့ရာတွင် အီသနောလောင်စာ ၂၀% ပါဝင်သည့် စက်မောင်းဆီထည့်သွင်းအသုံးပြုရန် သင့်လျော်မှုမရှိသော မော်တော်ယာဉ်များအား လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ရာ၌ ကုန်ကျစရိတ်ကြီးမားခြင်း၊ အီသနောရောနှောဆီ၏ ဆီစားမှုနှုန်းမြင့်မားခြင်း စသည့်အချက်များကြောင့် သုံးစွဲသူများ၏ နှစ်သက်လက်ခံမှုကို မရရှိနိုင် သည့် ပြဿနာရပ်များနှင့် ကြုံတွေ့ရနိုင်ကြောင်း ပြည်ပမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦးက ပြောဆိုပါသည်။

အတွင်းဝန် Mr. Tarun Kapoor ၏ ပြောကြားချက်အရ အိန္ဒိယအစိုးရသည် မော်တော်ယာဉ်များ၌ ၁၀၀% ပြည့် အီသနောလောင်စာဆီဖြင့် မောင်းနှင်အသုံးပြုနိုင် သည့် အဆင့်ရောက်ရှိရန် ရည်မှန်းထားပြီး ကနဦးလေ့လာဆန်းစစ်မှုစီမံကိန်းကို Pune မြို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း၌ မော်တော် ဆိုင်ကယ်များ ထုတ်လုပ်လျက်ရှိသော Bajaj Auto ၊ TVS နှင့် Toyota ကုမ္ပဏီတို့က အီသနောပါဝင်မှုမြင့်မားသော flex fuel လောင်စာဆီများ ထည့်သွင်းအသုံးပြုနိုင် သည့် အင်ဂျင်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင် TVS Motor နှင့် Mahindra & Mahindra ကုမ္ပဏီများသည် အီသနောလောင်စာ ဆီသုံး မော်တော်ယာဉ်များ ကနဦးစမ်းသပ်ထုတ်လုပ်မှုကို Pune မြို့၌ လုပ်ဆောင်လျက်ရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ E20 ရောနှောလောင်စာဆီဖြင့် မောင်းနှင်အသုံးပြုနိုင်သည့် မော်တော်ယာဉ်များထုတ်လုပ်ရောင်းချမှုကို ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမ ကြီး များဝန်ကြီးဌာနက ခွင့်ပြုပေးရမည်ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်အရောက်တွင် အဆိုပါရောနှောလောင်စာဆီများ ထုတ်လုပ်ရောင်းချနိုင်မှုသေချာစေရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။ ယခင်က ပြည်တွင်း၌ လေထုညစ်ညမ်းမှုကိုလျော့ချရန် Bharat Stage VI အဆင့်ရှိ စက်မောင်းဆီသုံးစွဲရေးကို တွန်းအားပေးဆောင်ရွက်စဉ်ကလည်း လောင်စာဆီထုတ်လုပ်ရေးကဏ္ဍ၏ ဦးဆောင်မှုနောက်တွင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း များက တဖြည်း ဖြည်း လိုက်ပါလာသည့် သာဓကရှိခဲ့သည်။

အိန္ဒိယအစိုးရသည် ပြည်တွင်း၌ အီသနောရောနှောလောင်စာဆီ အသုံးပြုရေး လမ်းပြမြေပုံ ၂၀၂၀-၂၅ ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ၅-၆-၂၀၂၁ ရက်နေ့တွင် ချမှတ်ထုတ်ပြန်ခဲ့ရာ အိန္ဒိယစက်သုံးဆီထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများသည် ဓာတ်ဆီ၌ အီသနော ၁၀% ရောနှောထည့်သွင်းမှုအား ၂၀၂၁-၂၂ ESY အီသနော ထုတ်လုပ်ပေးသွင်းရေးနှစ် (ဒီဇင်ဘာလမှ နိုဝင်ဘာလအထိ) တွင်လည်းကောင်း အီသနော ၂၀% ပေါင်းစပ်မှုအား ၂၀၂၅-၂၆ ESY နှစ်၌လည်းကောင်း ရည်မှန်းချက် ပြည့်မီရေး ဆောင်ရွက်လျက်ရှိသည်။ Business Standard သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယရေနံကုမ္ပဏီများသည် ၂၀၁၃-၁၄ ESY နှစ်တွင် အီသနောလောင်စာ ဆီ လီတာ ၃၄ ကုဋေသာ ထုတ်လုပ်ခဲ့ရာမှ ၂၀၂၀-၂၁ ESY နှစ်တွင် လီတာ ကုဋေပေါင်း ၃၅၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         India aims to sell only 20% ethanol-blended petrol from 2025: Oil Secretary, 11-11-2021, Business Standard

Category: International News