International News

အိန္ဒိယနိုင်ငံ၏ ကျွဲသားတင်ပို့မှု ၅၀ ရာခိုင်နှုန်းခန့်လျော့ကျ

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုက လွန်ခဲ့သော ၁ လတာအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ ကျွဲသားတင်ပို့မှုအား ထက်ဝက်ခန့်ကျဆင်းစေခဲ့ ကြောင်းသိရှိရပါသည်။ တရုတ်နိုင်ငံဈေးကွက်သို့ ထပ်ဆင့်တင်ပို့မှုလုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိသဖြင့် ဗီယက်နမ်နိုင်ငံသို့ ၎င်းတို့ အဖွဲ့အစည်း၏ မွေးမြူ ရေးထုတ်ကုန်များတင်ပို့မှုမှာ ရူပီးငွေ ၁၅ ဘီလီယံခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ ယခုအခါ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများထံမှ ကျွဲသားဝယ်ယူရန် အမှာအသစ်များ လက်ခံရရှိခြင်း မရှိတော့ကြောင်း၊ အရှေ့တောင်အာရှဈေးကွက်သို့ တင်ပို့မှုကျဆင်းသည့်နည်းတူ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် အခြားသော ဥရောပဈေးကွက်ဒေသများမှ ဝယ်လိုအားကျ ဆင်းလာမှုကိုလည်း ကြုံတွေ့လာရကြောင်း၊ ၎င်း၏ Allanasons ကုမ္ပဏီသည် ယခင်နှစ် ကာလတူ၌ ကျွဲသား ၂၈ တန်ဝင်ဆံ့သည့် ကုန်သေတ္တာပေါင်း ၂၄၀ အား ပြည်ပသို့ တင်ပို့ခဲ့သော်လည်း ယခုနှစ်ဖေဖော်ဝါရီလအတွင်း ကုန်သေတ္တာ အလုံး ၇၀ မျှသာ တင်ပို့နိုင်ကြောင်းဖြင့် အိန္ဒိယနိုင်ငံ အသားနှင့်မွေးမြူရေးထုတ်ကုန်တင်ပို့သူ လုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Mr. Fauzan Alavi က ပြောဆိုပါသည်။

Al-Noor Exports ကုမ္ပဏီမှ Ms. Priya Sud ကလည်း အမှာစာများကျဆင်းမှုနှင့်အတူ လက်ရှိတင်ပို့ထားသော ကျွဲသားကုန်သေတ္တာအချို့မှာ ဆိပ်ကမ်း ရှင်းလင်းဆောင်ရွက်မှုများ မပြုနိုင်ပဲရှိနေပြီး ကုန်ဖိုးငွေများရရှိရေး ကြန့်ကြာလျက်ရှိကြောင်း၊ ထို့အပြင် ၎င်းအေးခဲကျွဲသားများ အား ဆိုက်ရောက်ရာ ဆိပ်ကမ်း၌ အ‌အေးခန်းစနစ်ဖြင့် ကာလကြာရှည်စွာထားရှိရမှုက သိုလှောင် ထိန်းသိမ်းမှုစရိတ်များ ထပ်ဆောင်းကျခံရလျက်ရှိကြောင်း ပြောဆိုပါသည်။

 အိန္ဒိယနိုင်ငံ၌ ကျွဲသားအား ပြည်တွင်းစားသုံးမှုနည်းပါးပြီး ပြည်ပသို့သာ အဓိကတင်ပို့ လျက်ရှိရာ နှစ်စဉ်တင်ပို့နိုင်စွမ်းမှာ တန်ချိန် ၂ သန်းခန့်ရှိပါသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့် နိုင်ငံများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် ဝယ်လိုအားကျဆင်း ခြင်းက ဖေဖော်ဝါရီလအတွင်း ကျွဲသားတန်ချိန် ၅ သောင်းခန့်သာ တင်ပို့ နိုင်ပြီး ပုံမှန်တင်ပို့မှု၏ ၅၀% ခန့်လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန် ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုး တက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ၏ စာရင်းဇယားများအရ ၂၀၁၉ ၂၀ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလအထိ ပြည်ပသို့ ကျွဲသားတင်ပို့မှုမှာ ကုန်ချိန် ၁၀၀၄၆၇၆ တန်ရှိပြီး တန်ဖိုး အားဖြင့် ရူပီးငွေ ၁၉၇.၆၃ ဘီလီယံကျော်ရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျွဲသား တန်ချိန် ၁.၂၃ သန်း (တန်ဖိုး ရူပီးငွေ ၂၅၀.၉၁ ဘီလီယံ) တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Coronavirus outbreak cuts down demand for buffalo meat by half, 7 March 2020, Economic Times

Category: International News