International News

အီးယူနှင့် WTO အဖွဲ့ဝင် (၁၆) နိုင်ငံအကြားကြားဖြတ်အယူခံစီရင်ဆုံးဖြတ်မှုအစီအမံအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့

Last Updated:

ကမ္ဘာကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအတွက် အငြင်းပွားမှုဖြေရှင်းရေးစနစ်၏ လုပ်ငန်းရပ်များကို ဆက်လက်လုပ် ဆောင်နိုင်စေရန် နိုင်ငံများပါဝင်သည့် ကြားဖြတ်အယူခံအဖွဲ့ စီရင်ဆုံးဖြတ်မှုဆိုင်ရာအစီအမံကို ဆောင်ရွက်ရန် ၂၄.၁.၂၀၂၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် အီးယူနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၁၆ နိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း၊ အဆိုပါ အစီအစဉ်ကိုပြီးခဲ့သည့်နှစ် ဒီဇင်လာလလယ်တွင်  အီးယူမှ ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ကတည်းက အယူခံအဖွဲ့ဝင်သစ် ခန့်အပ်ရေး ပိတ်ဆို့ထားမှု ကြောင့် WTO အယူခံအဖွဲ့ဝင်၏ လုပ်ငန်းများ တုံဆိုင်းနေရခြင်းကို ဖြေရှင်းနိုင်ရန် WTO အဖွဲ့ဝင်နိုင်ငံများက လိုက်ပါဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယခုထုတ်ပြန်ချက်သည် အီးယူနှင့်ပါဝင်ဆောင်ရွက်သည့် WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာကုန်သွယ်မှု ကိစ္စရပ်များတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဆင့်နှစ်ဆင့်ဖြင့် အငြင်းပွားမှုဖြေရှင်းသည့်စနစ်အား ဆက်လက် ထိန်း သိမ်းထားလိုသည့် သဘောထား၏ အရေးပါမှုကို သက်သေပြသခြင်းဖြစ်ကြောင်း၊ နိုင်ငံအများပါဝင်သည့်  အယူခံအဖွဲ့ စီရင်ဆုံးဖြတ်မှုဆိုင်ရာအစီအမံသည် စည်းနှောင်မှုရှိပြီး ဘက်မလိုက်သည့် အရည်အသွေးမြင့်မားသော အငြင်းပွားမှု ဖြေရှင်းရေးစနစ်ကို ပါဝင်ဆောင်ရွက်သည့် နိုင်ငံများအကြား ဆက်လက်ရရှိစေရေး အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အယူခံအဖွဲ့လုပ်ငန်းများတုံ့ဆိုင်းနေမှုကြောင့်  ယခုဆောင်ရွက်မှုသည် လိုအပ်သည့် အရေး ပေါ်အစီအမံတစ်ရပ်ဖြစ်ပါကြောင်း၊ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများနှင့် ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် အယူခံ အဖွဲ့အကျပ်အတည်းအပေါ် ရေရှည်ဖြေရှင်းချက်တစ်ရပ်ရရှိရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အီးယူ၏ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါနိုင်ငံများပါဝင်သည့် ကြားဖြတ်အစီအစဉ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အငြင်းပွားမှုဖြေရှင်းရေး သဘောတူညီ ချက် (WTO Dispute Settlement Understanding-DSU) ၏ ပုဒ်မ ၂၅ အပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းအစီအစဉ်သည် ပါဝင်ဆောင်ရွက်သည့် ဩစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ချီလီ၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဥရောပသမဂ္ဂ၊ ဂွါတီမာလာ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မက္ကဆီကို၊ နယူးဇီလန်၊ နော်ဝေ၊ ပနားမား၊ စင်ကာပူ၊ ဆွစ်ဇာလန်နှင့် ဥရုဂွေး စသည့်နိုင်ငံများအကြား ကုန်သွယ်ရေးအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ထိရောက်၍ စည်းနှောင်မှုရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို သေချာစေလိမ့်မည်ဖြစ်ကြောင်း၊ ယင်းအစီ အမံသည် ကြားဖြတ်စီမံဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး၊ WTO ၏ အယူခံအဖွဲ့ပြန်လည်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက် နိုင်သည့် အချိန်အထိသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လွတ်လပ်မှုရှိပြီး၊ ဘက်မလိုက်သည့် အယူခံအဆင့်လုပ်ငန်း ဆောင်ရွက်မှုသည် အရည်အသွေးမြင့်မားဆုံးစည်းမျည်းစည်းကမ်းများ၏ အာမခံမှုကို ပေးစွမ်းထားခြင်းဖြစ်ကြောင်းနှင့် ယင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းစနစ်၏ အရေးပါသော သွင်ပြင်လက္ခဏာရပ်များအနက် တစ်ခု ဖြစ်စေရေး ဆက်လက်ဆောင်ရွက် သွားရမည်ဟု အီးယူအနေဖြင့် ယုံကြည်ထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: International News