International News

အီးယူအနေဖြင့် no-deal Brexit အတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အိန်ဂျလာမာကယ် ပြောကြားခဲ့ခြင်း

Last Updated:

ဥရောပသမဂ္ဂအနေဖြင့် ဗြိတိန်နှင့် ညှိနှိုင်းဆွေးနွေးမှုများမှ သဘောတူညီချက်ရရှိရေးမသေချာသည့် အခြေအနေအတွက် ပြင်ဆင်ထားရမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ အဓိပတိဖြစ်သူ အိန်ဂျလာမာကယ်လ်က သတိပေးပြောကြားခဲ့ကြောင်း၊ အီးယူနှင့် ဗြိတိန်တို့အကြား ညှိနှိုင်းဆွေးနွေး မှုများသည် အကန့်အသတ်ဖြင့်သာတိုးတက်မှုရှိနေကြောင်း၊ ၎င်းအနေဖြင့် ကောင်းမွန်သောဖြေရှင်းမှုတစ်ရပ်ရရှိရေးကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း အီးယူအနေဖြင့် သဘောတူညီမှုလုံးဝမရရှိသည့် အခြေအနေအတွက်ကို ပြင်ဆင်ထားသင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျာမနီနိုင်ငံသည် အီးယူကောင်စီ၏ အလှည့်ကျဥက္ကဌအဖြစ် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က စတင်တာဝန် ထမ်းဆောင်ခဲ့ပြီ ဖြစ်သဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့အကြား အပြီးသတ်ညှိနှိုင်းဆွေးနွေးမှုများအတွက် အီးယူအဖွဲ့ဝင်များအကြား ညှိနှိုင်းဆောင်ရွက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခြင်းဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) အတွက် လက်ရှိအကူးအပြောင်း ကာလကို ထပ်မံတိုးမြှင့်ရန်ငြင်းဆိုထားမှုကြောင့် အီးယူနှင့်ဗြိတိန် နိုင်ငံတို့အနေဖြင့် နှစ်ဘက်အကြား ကုန်သွယ်မှု၊ လုံခြုံရေးနှင့် နိုင်ငံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အနာဂတ်ဆက်ဆံရေးအပေါ် ယခုနှစ် ဒီဇင်ဘာလကုန်မတိုင်မီ အပြီးသတ်သဘောတူညီမှု ရရှိအောင်ဆောင်ရွက်ခြင်း  (သို့မဟုတ်) သဘောတူညီမှုမရသည့်အခြေအနေ (no-deal scenario) အတွက် ပြင်ဆင်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

မည်ကဲ့သို့သော သဘောတူညီမှုမျိုးရရှိသည်ဖြစ်စေ အီးယူအဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ဗြိတိန်ပါလီမန်နှင့် ဥရောပပါလီမန်တို့က တရားဝင်အတည်ပြုခြင်း လုပ်ငန်းစဉ်ကို အကူးအပြောင်းကာလ မကုန်ဆုံးမီဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သဖြင့် အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား သဘောတူညီချက်ရရှိရေး ကိစ္စရပ်၏ နောက်ဆုံးအခြေအနေကာလမှာ ယခုနှစ် အောက်တိုဘာလနှောင်းပိုင်းဖြစ်မည်ဟု ယုံကြည်ထားကြောင်း ဂျာမနီနိုင်ငံမှ အရာရှိများက ပြောကြားခဲ့ကြောင်း၊  လာမည့်ဆောင်းဦးရာသီတွင် သဘောတူညီမှုရရှိရေးရည်ရွယ်ချက်ဖြင့် ဇူလိုင်လတွင် စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြင့်ဆောင်ရွက် သွားရန်ကိစ္စအပေါ် အီးယူနှင့်ဗြိတိန်နိုင်ငံတို့အကြား ဇွန်လအတွင်းက ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိ အစည်းအဝေး၌  နှစ်ဘက်ခေါင်းဆောင်များက သဘောတူညီခဲ့မှုကို ကြိုဆိုသည်ဟု ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ်က ပြောကြားခဲ့ကြောင်း Politico ၏ ၁-၇-၂၀၂၀ နေ့စွဲဖြင့် သတင်းဖော်ပြ ချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (Politico)  

 

Category: International News